DVB Logo
Home
Lead Story
လုံခြုံရေးကောင်စီက တရုတ်ရဲ့ နိုင်ငံရေးပြက်လုံးတခု
DVB
·
May 15, 2021
လုံခြုံရေးကောင်စီက တရုတ်ရဲ့ နိုင်ငံရေးပြက်လုံးတခု
Donate to DVB

မေ ၃ ရက်နေ့ ကုလသမဂ္ဂမှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ် ချင်းယွင်က “မြန်မာပြည်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ကြပါနဲ့ အကျိုးမရှိပါဘူး၊ အာစီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို လေးစားလိုက်နာ အသိအမှတ်ပြုသင့်ပါတယ်၊ လွဲမှားတဲ့ စွက်ဖက်မှုတွေ ပြုလုပ်ရင် မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်သွားနိုင်တယ်” လို့ သတိပေးစကား ပြောကြားသွားပါတယ်။

ဒီလို တရုတ်ကိုယ်စားလှယ်ကြီးက မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်မှာကို စိုးရိမ်သလိုလို ပြောလိုက်တာ အတော်ပြောင်‌မြောက်တဲ့ နိုင်ငံရေးပြက်လုံးတခုပါပဲ။ မြန်မာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်လို့ ပညာရှင်များက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီလို ပြည်တွင်းစစ် ရှည်ကြာရတာ ပထဝီစစ်ရေးအရ တရုတ်ပြည်လို ကျယ်ပြန့်လို့ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ဟာ ရေရှည်စစ်ဖြစ်နေရတာ မြန်မာစစ်တပ်နဲ့ တရုတ်ရဲ့ ‘မီးစတဖက် ရေမှုတ်တဖက်’ မူဝါဒတွေကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီက ‘ငြိမ်းချမ်းရေးညွန့်ပေါင်းအစိုးရ’ ဖွဲ့ဖို့ မြန်မာအစိုးရကို ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကလည်း တရုတ်ရဲ့ ‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်’ ချမှတ်ထားချိန်ဖြစ်လို့၊ ဗကပက ကမ်းလှမ်းခဲ့ရတာပါ။ ဒါပေမဲ့ ‘ဗကပကို အမြစ်ဖြုတ် အပြုတ်တိုက်ရေး’ ကိုင်စွဲထားတဲ့ ဗိုလ်နေဝင်း စစ်တပ်ရဲ့ ကန့်ကွက်မှုကြောင့် ဦးနုအစိုးရကလည်း ငြိမ်းချမ်းရေး မလုပ်ရဲခဲ့ပါဘူး။ ဗိုလ်နေဝင်းကတော့ ‘အောင်မာဃ စစ်ဆင်ရေးကြီး’ နဲ့ ဗကပကို တုံ့ပြန် အဖြေပေးခဲ့ပါတယ်။ ဒီတော့လည်း ငြိမ်းချမ်းရေးအစား စစ်အနိုင်တိုက်ရေး ဖြစ်လာခဲ့ကြပြန်ပါတယ်။

၁၉၆၇ ခုနှစ် တရုတ်ပြည်မှာ မော်စီတုန်း ဦးဆောင်ဆင်နွှဲတဲ့ ယဉ်ကျေးမှုတော်လှန်ရေး ဂယက်ရိုက်ခတ်မှုကြောင့် မြန်မာပြည်မှာ တရုတ်-ဗမာ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ပြီး၊ တရုတ်လူမျိုးတွေ သတ်ဖြတ်လုယက်ခံခဲ့ကြရပါတယ်။ တချိန်ထဲမှာ ပဲခူးရိုးမမှာလည်း အဲဒီယဉ်ကျေးမှုတော်လှန်ရေးရဲ့ အစွန်းရောက်မူဝါဒတွေ ကျင့်သုံးရင်း အချင်းချင်း ‘ဖြုတ်၊ ထုတ်၊ သတ်’ ပွဲတွေ အကြီးအကျယ် ဆင်နွှဲခဲ့ပါတယ်။ ဒီနောက်တော့ ဥက္ကဋ္ဌသခင်သန်းထွန်း လုပ်ကြံခံရပြီး၊ ပဲခူးရိုးမနဲ့ ပြည်တွင်းအခြေခံစခန်းတွေ ပြုတ်သွားခဲ့ပါတယ်။

တရုတ်ပြည်က ကျုံးနန်ဟိုင် အစိုးရခန်းမထဲမှာ သခင်သန်းထွန်း ကျဆုံးလို့ ငိုကြီးချက်မ ဖြစ်နေတဲ့ သခင်ဘသိန်းတင်ကို ဝန်ကြီးချုပ်ချူအင်လိုင်းကိုယ်တိုင်က ကျောသပ် ဖျောင်းဖျချခဲ့ရပါတယ်။

အကျိုးဆက်ကတော့ ဗိုလ်နေဝင်းစစ်တပ်ကို တုံ့ပြန်လက်စားချေ နှိပ်ကွပ်ဖို့ တရုတ်က ဗကပကို အရှေ့မြောက်စစ်ဒေသကြီး ဖွင့်လှစ်စေခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသရှိ ရှမ်း၊ ကချင်၊ ကိုးကန့်၊ ‘ဝ’ လူမျိုးတွေကို တရုတ်စစ်လက်နက်တွေ ခြေဆုံး ခေါင်းဆုံး တပ်ဆင်ပေးပြီး၊ တရုတ်စစ်အကြံပေးတွေ ဦးဆောင်တိုက်စေခဲ့ပါတယ်။ အင်အားသောင်းချီရှိတဲ့ အမည်ခံ ဗကပတပ်နဲ့ နှစ်စဉ် တိုက်ပွဲရာချီ တိုက်ခဲ့လို့ ဗိုလ်နေဝင်းကိုယ်တိုင် တရုတ်ပြည် ပီကင်းသွားပြီး မေတ္တာရပ်ခံ ဝန်ချတောင်းပန်ခဲ့ရပါတယ်။

၁၉၈၀ ပြည့်နှစ် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖင် တက်လာချိန်မှာတော့ တရုတ်ရဲ့မူဝါဒတွေ ပြောင်းလဲသွားခဲ့တယ်။ တရုတ်က တော်လှန်ရေးတင်ပို့မှု မလုပ်တော့ဘူး၊ ညီအစ်ကိုပါတီ မထားတော့ဘူး၊ အစိုးရချင်းပဲ ဆက်ဆံတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမူဝါဒအရ နှစ်ပေါင်း နှစ်ဆယ် တည်တံ့ခဲ့တဲ့ အရှေ့‌မြောက်စစ်ဒေသကြီးကို ထောက်ပံ့မှုရပ်ဆိုင်းလိုက်ပြီး တရုတ်တွေ အားလုံးကို ပြန်ခေါ်သွားပါတော့တယ်။

တရုတ် လေမှုတ်သွင်းထားတဲ့ ဗကပတော်လှန်ရေး ပူဖောင်းကြီးလည်း ‘ရှူး’ဆို ပိန်လိန် ပြားချပ်သွားပါတော့တယ်။ ၁၉၈၉ ခုနှစ် သင်္ကြန်ကာလမှာတော့ ‘ဝ’၊ ရှမ်း၊ ကချင် စတဲ့ ဖိနှိပ်ခံလူမျိုးပေါင်းစုံရဲ့ ပုန်ကန်အုံကြွမှုကြောင့် ဗကပတွေ တရုတ်ပြည်ထဲ ထွက်ပြေး ခိုလှုံသွားကြပါတယ်။ တရုတ်ကလည်း ရှင်းပါတယ်။ ဗကပခေါင်းဆောင်တွေကို နိုင်ငံရေးမလုပ်ရ ဆိုတဲ့ ကန့်သတ်ချက်နဲ့ ရာသက်ပန် ခိုလှုံခွင့်ပေးထားလိုက်ပါတယ်။

တချိန်တည်းမှာ ငြိမ်းချမ်းရေးရယူပြီး စီးပွားရေးတည်ဆောက်ချင်ကြတဲ့ ‘ဝ'အဖွဲ့ (UWSA)၊ မိုင်းလား (NDAA)၊ ကိုးကန့် (MNDAA) နဲ့ ဇခုံတိန့်ယင်းရဲ့ (KDA) တို့ကို တရုတ်က လက်နက် ရောင်းချရင်း ဩဇာခံအင်အားစုများအဖြစ် စည်းရုံးသိမ်းသွင်းထားခဲ့ပါတယ်။ စစ်အစိုးရအပေါ် လုံးဝ ယုံကြည်စိတ်ချမှုမရှိတဲ့ ဒီအင်အားစုတွေကလည်း တရုတ်အပေါ် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ မှီခိုရပ်တည်နေကြပါတယ်။

ပင်လုံငြိမ်းချမ်းရေးညီလာခံမှန်သမျှ တရုတ်ကိုယ်စားလှယ် ဆွန်ကော့ရှန်ကိုယ်တိုင် ခေါင်းဆောင် တက်ရောက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့တွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်ရဲ့မူဝါဒအတိုင်း ကြားနေ ရပ်တည်ပြနေကြတာပါ။ တရုတ်က စစ်ခရာသံ တချက်ပေးလိုက်တာနဲ့ အပြေးတက် တိုက်ကြမယ့် အဖွဲ့တွေပါ။

ချုပ်ပြောရရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာဆိုတာ တရုတ်ရဲ့ လက်ခုပ်ထဲက ရေပါ။ သွန်လိုသွန် မှောက်လိုမှောက်လို့ ရပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ စင်စစ်အားဖြင့် တရုတ်က လိုသလို ရေလဲသုံးနိုင်တဲ့ ‘မီးစတဖက် ရေမှုတ်တဖက်’ သာ ဖြစ်ပါတယ်။

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013