
အာဖဂန်နစ္စတန်နိုင်ငံထဲက ပြည်နယ် ၃ ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေး ၁၁ ယောက်အပါအဝင် လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဖဂန် တာလီဘန်အစိုးရ က ပြောပါတယ်။
အခုနှစ်အတွင်း ရာပေါင်းများစွာသော အသက်တွေကို ဆုံးရှုံးစေခဲ့တဲ့ ပဋိပက္ခတရပ် ပြန်စလာတာ လည်း ဖြစ်ပါတယ်။
အာဖဂန်နစ္စတန် လေပိုင်နက်ကို ချိုးဖောက်ပြီး ခူနာ၊ ခို့စ်ထ်နဲ့ ပတ်တီကာပြည်နယ်တွေက အရပ်သား နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း တာလီဘန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ဒ်က ပြောပါတယ်။
ပါကစ္စတန်-အာဖဂန် နယ်စပ်တလျှောက် ချိန်ညှိထားတဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်သွေးကြွ ၂၆ ယောက် သေဆုံးခဲ့ပြီး နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ တိုက်ပွဲ အမြောက်အမြားအတွက် တုံ့ပြန်တာလို့ ပါကစ္စတန်က ပြောပါတယ်။
စစ်သွေးကြွတွေကို ခိုလှုံခွင့်ပေးနေတယ်လို့ ပါကစ္စတန်က အာဖဂန်နစ္စတန်ကို အပြစ်တင်ခဲ့ပြီး တာလီဘန်အစိုးရက စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
Source: Reuters











