
အင်ဂိုလာနိုင်ငံ အနောက်မြောက်ပိုင်း ဘန်ဂိုပြည်နယ်ရှိ တရားမဝင် ရွှေတွင်းတခုမှာ မေ ၂၃ ရက်က မြေပြိုခဲ့ပြီး လူ ၂၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ နိုင်ငံရဲ့ အသေအပျောက် အများဆုံး တရားမဝင် ရွှေတွင်းမတော်တဆမှုတွေထဲက တခုပါ။
လူ ၄ ယောက်ကို အခင်းဖြစ်ပွားရာနေရာကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်နယ်ရဲ့ အရပ်ဘက်ကာကွယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့က မေ ၂၄ ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေ ပြီးစီးသွားပြီလို့လည်း ဖော်ပြထားပါတယ်။
အင်ဂိုလာနိုင်ငံမှာ တရားမဝင် တူးဖော်မှုတွေဟာ စိန်လုပ်ငန်းနဲ့ သမိုင်းကြောင်းအရ ဆက်စပ်နေခဲ့တာပါ။
ဒါပေမဲ့ တူးဖော်ရေးလုပ်ငန်းတွေ ကွဲပြားလာအောင် ကြိုးပမ်းမှုကြောင့် ရွှေလို တခြားသတ္တုတွေကို လက်လုပ်တွင်းတွေကနေ တူးဖော်တာတွေ များလာခဲ့ပါတယ်။
စိန်ဈေးနှုန်းတွေ ကျဆင်းလာပြီး ဓာတုစိန်တွေ ထုတ်လုပ်မှု မြင့်တက်လာတာနဲ့အမျှ အဓိက စိန်ထုတ်လုပ်သူ အင်ဂိုလာနိုင်ငံဟာ ကြေးနီနဲ့ ရွှေလို သတ္တုတွေကို ထုတ်လုပ်နေပါတယ်။
Source: Reuters











