
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမှာ တရားမဝင် ရွှေတွင်းတတွင်း ပြိုကျခဲ့တာကြောင့် လူ ၁၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
ဒီမတော်တဆမှုဟာ နာရင်ညိုပြည်နယ်၊ စန်တာဘာဘာရာ ဒီအိစကွမ်ဒေးမြို့နယ်ရဲ့ လေဟာပြင်ကွင်း စိုက်ပျိုးရေး ဒေသတခုဖြစ်တဲ့ ချမ်ဘဲရိုးနယ်မြေမှာ ဖြစ်ပွားခဲ့တာပါ။
ကိုလံဘီယာ အနောက်တောင်ပိုင်း နာရင်ညိုပြည်နယ်အုပ်ချုပ်ရေးမှူး လူးဝစ်အယ်လ်ဖွန်ဆို အက်စ်ကိုဘာက ဒီမတော်တဆမှုဟာ တရားဝင်မဟုတ်တဲ့ တနိုင်တပိုင် တူးဖော်နေတဲ့ အလုပ်ခွင်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း X လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ခဲ့ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ပြီးစီးသွားပြီလို့ အက်စ်ကိုဘာက ပြောပါတယ်။
အလုပ်ခွင် အခြေအနေတွေနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းတွေကို မြှင့်တင်နိုင်ဖို့အတွက် တရားမဝင်နဲ့ အသေးစား သတ္တုတွင်းတူးဖော်သူတွေကို တရားဝင် အသိအမှတ်ပြုပေးတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်မြှင့် ဆောင်ရွက်ပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အမျိုးသားအစိုးရ၊ အမျိုးသား သတ္တုတွင်းအေဂျင်စီနဲ့ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို တောင်းဆိုခဲ့ပါတယ်။
နာရင်ညိုပြည်နယ် ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး အဲလက်စ်ဂွန်ဇာလက်စ် ကတော့ နိုတီစီယာ့စ် ကရာကိုးလ် သတင်းဌာနနဲ့ အင်တာဗျူးမှာ ပျောက်ဆုံးနေသူ မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။
စန်တာဘာဘာရာ ဒီအိစကွမ်ဒေးမှာ လေဟာပြင်သတ္တုတွင်းရဲ့ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပြီး မြေပြိုမှုဖြစ်ပွားကာ တွင်းထဲမှာ အလုပ်လုပ်နေသူတွေကို ဖုံးလွှမ်းသွားခဲ့တာလို့ ဂွန်ဇာလက်စ်က ဆိုပါတယ်။
ဒီပြဿနာဟာ ကိုလံဘီယာ ပစိဖိတ်ကမ်းရိုးတန်း ဒေသတခုလုံးကို ရိုက်ခတ်နေတာကြောင့် တရားမဝင် သတ္တုတွင်း တူးဖော်မှုတွေကို စနစ်တကျ ထိန်းချုပ်ကြပ်မတ်ပေးဖို့လည်း အဲဒီတာဝန်ရှိသူက တောင်းဆိုထားပါတယ်။
Source: Reuters











