ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့်ခရီးသည်များကို ပိုမိုစိစစ်ထိန်းချုပ်လာ
DVB
·
April 4, 2026

ရန်ကုန်လေဆိပ်ကနေ ပြည်တွင်း၊ ပြည်ပသွားလာမဲ့ ခရီးသည်တွေထဲမှာ ပြေး ၄ ပြေး (စစ်ပြေး၊ ရဲပြေး၊ ဝရမ်းပြေး၊ ရဲဘက်ပြေး) မပါအောင် စိစစ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ လေဆိပ်ပူးပေါင်းညှိနိူင်းဆောင်ရွက်ရေး ကော်မတီက ဧပြီ ၂ ရက်မှာ လေကြောင်းလိုင်းတွေကို အသိပေးထားပါတယ်။
ပြေး ၄ ပြေးတွေမပါရှိအောင် ခရီးသည်တွေရဲ့ မှတ်ပုံတင်ပါ အချက်အလက်တွေကို ပြည်တွင်း၊ ပြည်ပထွက်ခွာလက်မှတ်စစ်ကောင်တာ၊ ပြည်ပဆိုက်ရောက် လေကြောင်းရဲတပ်ဖွဲ့ ကောင်တာတွေမှာ လေကြောင်းရဲတပ်ဖွဲ့က မကြာခင် စိစစ်သွားမယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် လေကြောင်းလိုင်းတွေအနေနဲ့ ပေးပို့တဲ့ကြိုတင်ခရီးသည်စာရင်း၊ အတည်ပြု ခရီးသည်စာရင်းတွေမှာ ခရီးသည်ရဲ့ မှတ်ပုံတင်နံပတ် အပြည့်စုံထည့်သွင်းဖော်ပြဖို့၊ မြန်မာနိုင်ငံသားခရီးသည်တွေကို လက်မှတ်ရောင်းချတဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်နံပါတ် ဖြည့်သွင်းဖို့၊ လေကြောင်းလိုင်းကောင်တာမှာ Check in ဝင်ချိန်မှာ နိုင်ငံသားစိစစ်ရေးကတ် ပါဝင်အောင်စိစစ်ပေးဖို့ဆိုပြီး အသိပေးအကြောင်းကြားထားတာ ဖြစ်ပါတယ်။
အာဏာသိမ်း အသွင်ပြောင်းအဖွဲ့အနေနဲ့ လေဆိပ်ကနေ ခရီးသည်တွေရဲ့ထွက်ခွာမှုတွေကို စောင့်ကြည့် စစ်ဆေးတာတွေ တစိုက်မက်မက်လုပ်နေခဲ့တာဖြစ်ပြီး ပိုပြီးတင်းကျပ်သွားဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ခရီးသည်တွေက ဆိုပါတယ်။
ပြည်ပထွက်ဖို့ရှိနေတဲ့ အလုပ်သမားတယောက်က “ပြည်ပထွက်ခွင့် ပိုခက်လာမယ်ထင်တယ်။ CDM တွေနဲ့ သူတို့ အလိုရှိနေတဲ့သူတွေကို ပစ်မှတ်ထားတဲ့ သဘောပဲ။ အဲဒီကမှ ရည်ရွယ်ချက်ပြောင်းပြီး ပိုက်ဆံညှစ်တာတွေဖြစ်လာမှာ မြင်ယောင်သေးတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ကာ ဟန်ပြလွှတ်တော်ကတဆင့် မင်းအောင်လှိုင်ဦးဆောင်တဲ့ အယောင်ဆောင် စစ်အစိုးရအဖွဲ့ဖွဲ့ခဲ့ပေမဲ့ အမိန့်အာဏာနဲ့ ပြည်သူတွေအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေ ဆက်လုပ်နေတာ ပါတယ်။











