
ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ ဖမ်းဆီး ထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီနဲ့တွေ့ဆုံတဲ့ မတ် ၁၈ ရက်မှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ MNDAA စစ်ဘက်သတင်းအရင်းအမြစ်ဆီက သိရပါတယ်။
MNDAA ဆီမှာ လက်ရှိ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၃,၀၀၀ ကျော်အထိ ရှိနေသေးပြီး ပြန်လွှတ် ပေးလိုက်တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်မှာ အရာရှိ၊ အရာခံတွေပါသလို သူတို့ကို လားရှိုးမြို့ဆီ ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။
MNDAA စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်က “ပြန်လွှတ်ပေးလိုက်တာဟုတ်ပါတယ်။ ဘာမှ အရေးမကြီးတဲ့ အောက်ခြေက တပ်သားစစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးလိုက်တာ။ နည်းနည်းချင်း ဆီ ခွဲလွှတ်ပေးနေတာ။ မဟုတ်ရင် ဒီမှာလည်း သူတို့ကိုကျွေးတာ အရမ်းကြာလာတော့ ခက်ခဲတယ်။ စစ်ကောင်စီနဲ့ MNDAA ကြား နိုင်ငံရေးကစားတဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်တာမျိုးပါ” လို့ DVB ကိုပြောပါတယ်။
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးကာလ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ထောင်ချီ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မတ်လအထိ စစ်သုံ့ပန်း ၁,၀၀၀ ကျော်ကို ပြန်လွှတ်ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
MNDAA ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စစ်သုံ့ပန်း ၄၆ ယောက်၊ နိုဝင်ဘာလမှာ ၂၀၂ ယောက်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ၅၈၆ ယောက်၊ ဖေဖော်ဝါရီမှာ အယောက် ၂၀၀ နဲ့ မတ် ၁၈ ရက်မှာ ၁၀၀ ဝန်းကျင် ပြန်လွှတ်ပေးပြီဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးကာလထဲ လားရှိုး၊ လောက်ကိုင်၊ သိန္နီ၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်း ဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ တာမိုးညဲနဲ့ ပန်ဆိုင်းမြို့တွေကို သိမ်းယူခဲ့ပေမဲ့ တရုတ်ရဲ့ဖိ အားကြောင့် လားရှိုးမြို့ကို စစ်ကောင်စီဆီ ပြန်ပေးလိုက်တာဖြစ်ပါတယ်။











