DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းသည့် ရက်ပေါင်း ၁၀၀ ခန့်အတွင်း ကျဆုံးပြည်သူ ၇၈၀ ကျော်၊ ဖမ်းဆီးခံရသူ ၃၈၀၀ ကျော်အထိရှိလာ
DVB
·
May 11, 2021
စစ်အာဏာသိမ်းသည့် ရက်ပေါင်း ၁၀၀ ခန့်အတွင်း ကျဆုံးပြည်သူ ၇၈၀ ကျော်၊ ဖမ်းဆီးခံရသူ ၃၈၀၀ ကျော်အထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှုကာလ ရက်ပေါင်း ၉၉ ရက်အကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့်  ကျဆုံးပြည်သူပေါင်း ၇၈၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၀ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၈၃၄ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၈၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၅၆၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ကမေ ၁၀ ရက်နေ့မှာလည်း ပြည်သူတွေဟာ အဖြူရောင်ဝတ်ဆင်တဲ့ လှုပ်ရှားမှု-White Shirt Campaign အပါအဝင် လှုပ်ရှားမှုအမျိုးမျိုးနဲ့ အာဏာသိမ်း စစ်အုပ်စုကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့မှာတော့ အရုဏ်ဦး လမ်းလျှောက်သပိတ် ဖြိုခွင်းခံခဲ့ရပြီး ပြည်သူ ၁၅ ယောက် ဖမ်းဆီးခံခဲ့ရ တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြု လုပ်လာခဲ့ကြပြီး အထူးသဖြင့် သူတို့ကို ဆန့်ကျင်ရာမှာ ဦးဆောင်သူတွေကို အဓိကထား ဖမ်းဆီးလာခဲ့ကြတယ်လို့ အေအေပီပီက ပြောပါတယ်။

  ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုဟာ အမျိုးသမီးတွေ၊ ကလေးတွေပါမကျန် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့ပြီး ခုတခါ မသန်စွမ်းသူတွေကိုလည်း ပစ်မှတ်ထား ဖမ်းဆီးလာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ မန္တလေးသံ ဃာ့သမဂ္ဂစစ်ကြောင်းမှာ အမြဲလိုက်ပါတဲ့ မသန်စွမ်းတယောက်ဖြစ်တဲ့ စိုင်းလှမင်းကို သပိတ်လူစုခွဲအပြီးမှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

  မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာ ချုပ်(UNCRPD)ကို အတည်ပြု လက်မှတ်ရေးထိုးပြီးဖြစ်ပေမယ့် တရားမဝင် အာဏာသိမ်း စစ်အုပ်စုဖြစ်တာကြောင့် ဘယ်လိုအခွင့်အရေးကိုမှ လေးစားလိုက်နာခြင်း မရှိကြောင်း လည်း အေအေပီပီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြား ဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013