DVB Logo
Home
ပညာရေး/နည်းပညာ
ကော်သူးလေပညာရေးအတွက် အရေးပါသည့် ကရင်ကျောင်းဆရာဖြစ်ကောလိပ်  KTTC (ဓာတ်ပုံ)
DVB
·
May 8, 2021
ကော်သူးလေပညာရေးအတွက် အရေးပါသည့် ကရင်ကျောင်းဆရာဖြစ်ကောလိပ်  KTTC (ဓာတ်ပုံ)
1 / 14
Photo: DVB
Donate to DVB

စစ်ဘေးရှောင်စခန်း (IDP) တွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ ပညာသင်ကြားခွင့် ရရှိနိုင်ဖို့ဆိုတာဟာ  စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေအတွက် အရည်အချင်းရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကရင်ကျောင်းဆရာဖြစ် ကောလိပ်ကျောင်း Karen Teacher Training College (KTTC) ကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ရဲ့ Northern Karen Teacher Training College မှာ သင်ကြားပေးနေတဲ့ ဆရာမ နော်ထီးခူက “ဒီပညာရေးကောလိပ်ဟာ ကရင်တမျိုးသားလုံးအတွက် အင်မတန် အရေးကြီးပါတယ်။ ပြီးတော့ အခုအချိန်က လက်တွေ့မြေပြင်မှာ လိုအပ်နေတာက ကျောင်းဆရာ၊ ဆရာမတွေလေ၊ ကရင့်ပညာရေးအတွက် မရှိမဖြစ် ၊ ရှိကိုရှိရမယ့် ပညာရေးကောလိပ်ပါ” လို့  DVB ကိုပြောပါတယ်။

ကရင်ကျောင်းဆရာဖြစ် ကောလိပ်ကျောင်း KTTC ကိုတော့ ကရင်လူမျိုးတွေရဲ့ ပညာရေး တိုးတက်မြင့်မားလာစေဖို့နဲ့ ဒေသတွင်း ပညာသင်ကြားမှုကို ပြန်လည်အထောက်အကူ ပြုပေးနိုင်ဖို့ ရည်ရွယ်ပြီး ကရင်ဆရာများအသင်း Karen Teacher Working Group (KTWG) နဲ့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန Karen Education and Culture Department (KECD) တို့က ၂၀၀၄ ခုနှစ် ဇွန်လမှာ ကရင်ပြည်နယ် မြောက်ပိုင်းဒေသရှိ KNU တပ်မဟာ (၅)၊ မူတြော်ခရိုင် (ဖာပွန်) မှာ စတင် တည်ထောင်ခဲ့ကြတာပါ။

ဆရာမနော်ထီးခူက “ဆရာ/ဆရာမ ဦးရေကို ရေရှည်တည်တံ့ပြီး အစဉ်မပြတ် ရရှိနေစေဖို့အတွက် ဒီကောလိပ်ကို တည်ထောင်ခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း ဒီမှာ ကျောင်းလာအပ်တဲ့ ကျောင်းသား အရေအတွက်ဟာလည်း တိုးပွားလာနေပါတယ်” လို့ ပြောပါတယ်။

ကရင်ကျောင်းဆရာဖြစ် ကောလိပ်ကျောင်း (KTTC) ၃ ခုရှိပြီး ကျန် ၂ ခုကတော့ KNU တပ်မဟာ (၆) ရှိရာ တောင်ပိုင်းဒေသ၊ ဒူးပလာယာခရိုင်နဲ့ တပ်မဟာ (၂) ရှိရာ တောင်ငူခရိုင် တို့မှာ တည်ရှိကြပါတယ်။

သင်ကြားရေးကာလ ၂ နှစ်ဖြစ်ပြီး ပြီးမြောက်သွားပါက KTWG က ပေးအပ်တဲ့ အောင်လက်မှတ်ကို ရရှိမှာဖြစ်ကာ ၃ နှစ် လက်တွေ့ ကွင်းဆင်းသင်ကြားမှုတွေ လုပ်ဆောင်ပြီးရင်တော့ ဒီပလိုမာ ရရှိမှာ ဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ Northern Karen Teacher Training College မှာ ကျောင်းသူ ကျောင်းသား ၁၃၀ တက်ရောက်ပညာသင်ကြားနေပြီးတော့ သင်ရိုးညွှန်းတမ်းတွေကိုလည်း ကရင်ပြည်နယ်ရှိ ဒေသခံလူထုရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ အမြဲမပြတ် ဆောင်ရွက်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013