
၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်က ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၇ ခု ဖွင့်လှစ်ပြီး အင်အား ၁၃၅,၀၀၀ ကျော်ကို အဓမ္မ စုဆောင်းခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် နယ်မြေနဲ့ အင်အားများစွာ ဆုံးရှုံးခဲ့ရပြီးနောက် စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ စုဆောင်းလာတာဖြစ်ပြီး လက်ရှိ စစ်ကြောင်းတွေမှာ စစ်မှုထမ်း အင်အား ၈၀ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့ မြို့ပေါ်တွေရော ကျေးရွာတွေမှာပါ ပေါ်တာဆွဲ ဖမ်းဆီး တာတွေ လုပ်ဆောင်နေတာကြောင့် လူငယ်အများအပြား ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အထိနာ ရှုံးနိမ့်ခဲ့တဲ့ စစ်အာဏာရှင် တပ်ဟာ အင်အားချိနဲ့နေတဲ့ တိုက်ခိုက်ရေးအင်အားကိုဖြည့်တင်းဖို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ပြည့်သူ့စစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်း အကောင်အထည်ဖော်ခဲ့တာပါ။
ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်မှာ စစ်အာဏာရှင်တပ်ဟာ လစဉ်ပျမ်းမျှ စစ်မှုထမ်း တပ်သား ၅,၀၀၀ နီးပါး စုဆောင်းနိုင်ခဲ့ကာ စစ်မှုထမ်းဥပဒေအသက်သွင်းပြီး ၂ နှစ်ကျော်အကြာ ၂၀၂၆ စက်တင်ဘာ ဒုတိယပတ်အထိ စစ်မှုထမ်းအပတ်စဉ် ၂၈ အထိ သင်တန်းသားခေါ်ယူထားပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေသလို အများစုကတော့ စစ်ရေးပြင်းထန်တဲ့ ရခိုင်နဲ့ ကချင်အပါအဝင် ရှေ့တန်း ဒေသတွေကို လူသားတံတိုင်းအဖြစ် စေလွှတ်နေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေကို စတင်ခေါ်ယူချိန်ကတည်းက ကာလတို သင်တန်းတွေပေးပြီး ရှေ့တန်းကို လွှတ်ခဲ့တယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောကြားချက် ရုပ်သံမှတ်တမ်းတွေလည်း ရှိနေပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ လူငယ်တွေကို ပြန်ပေးဆွဲသလို ဖမ်းဆီးခေါ်ဆောင်တာနဲ့ ပျောက်ဆုံးနေတဲ့ စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။










