
အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်လို့ ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့ ခွင့်ပြုပေးထားတဲ့ လိုင်စင်လက်ကျန်တွေ အမြန်တင်သွင်းကြဖို့ လိုတယ်လို့ စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမိုးက ပြောပါတယ်။
ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ အရောင်းဆိုင် အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှု ရှိ/ မရှိ၊ သွင်းအားစုတွေ သိုလှောင်ဈေးကစားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ဖို့လည်း ဦးလှမိုးက ပြောပါတယ်။
မတ် ၁၃ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပြီး စစ်ကောင်စီ အရာရှိတွေနဲ့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က တာဝန်ရှိသူတွေ တက်ရောက် ပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် ဓာတ်မြေဩဇာ တန်ချိန် ၁ ဒသမ ၆ သန်းနဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂,၀၀၀ တင်သွင်းဖို့ လျာထားပြီး ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ မြေဩဇာတန်ချိန် ၁ဒသမ ၆၈ သန်း နဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၆၇၆ တန် တင်သွင်းဖို့ ကုမ္ပဏီတွေကို သွင်းကုန်လိုင်စင် ထောက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ထောက်ခံချက်ပေးထားတဲ့အထဲက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ မြေဩဇာတန်ချိန် ၁ဒသမ ၁၈ သန်းတင်သွင်းထားပြီး လက်ရှိ အချိန်မှာ မဖြန့်ဖြူးရသေးတဲ့ မြေဩဇာ စုစုပေါင်းတန်ချိန် ၃ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။
လာမဲ့မိုးစပါး စိုက်ရာသီအတွက် ထပ်မံလိုအပ်တဲ့ တန်ချိန်နဲ့ လအလိုက် မြေဩဇာလိုအပ်ချက်ကို တင်ပြဖို့နဲ့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဘက်ကလည်း မြေဩဇာ အချိန်မီရောက်ရှိရေး အစီအမံတင်ပြဖို့ ဦးလှမိုးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ မြေဩဇာအပါအဝင် စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးအဆမတန် တက်လာတာကြောင့် စစ်ကောင်စီဟာ တခြား ကုန်စည်တွေလိုပဲ မြေဩဇာတွေအတွက် ရည်ညွှန်းဈေးနှုန်းထုတ်ပြန် သတ်မှတ်ထားပါတယ်။
မတ်လအတွက် ရည်ညွှန်းဈေးက ယူရီးယားတအိတ်ကို ကျပ် ၉၄,၀၀၀ ကျပ်၊ ကွန်ပေါင်းမြေဩဇာ တအိတ်ကို ကျပ် ၁၁၅,၀၀၀ နှုန်း သတ်မှတ်ထားပါတယ်။ ပြင်ပဈေးကွက်မှာတော့ ရည်ညွှန်းဈေးထက် ကျပ် ၂၀,၀၀၀ ကနေ၊ ၄၀,၀၀၀ လောက် ပိုများပါတယ်။
အီရန်စစ်ပွဲဂယက် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကြောင့် ယူရီးယားမြေဩဇာ ထုတ်လုပ်ရာမှာ အဓိကကျတဲ့ သဘာဝဓာတ်ငွေ့နဲ့ လောင်စာဆီဈေးနှုန်းတွေ တက်လာပြီး ထုတ်လုပ်မှုစရိတ် မြင့်တက်လာပါတယ်။
ဒါ့အပြင် အဆိုပါဒေသဟာ ကမ္ဘာ့ဓာတ်မြေဩဇာ အဓိကတင်ပို့ရာ လမ်းကြောင်းဖြစ်တာကြောင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ အာမခံကြေး မြင့်မားလာမှုတွေက သွင်းအားစုဈေးနှုန်းကို ပိုမိုထိုးတက်စေတာ ဖြစ်ပါတယ်။








