
စင်ကာပူရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ လျှောက်ထားတဲ့ အထောက်အထားအချက်အလက်တွေ ပျောက်ဆုံးမူဖြစ်ခဲ့ရတယ်လို့ စစ်အုပ်စုသံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
နိူင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် သံရုံးရဲ့ whatsapp နံပါတ်ကနေ ရက်ချိန်း ပေးတဲ့ စနစ် အသုံးပြုနေတာဖြစ်ပြီး ပေးပို့လာသူ ၁၀,၀၀၀ ကျော်ထဲက မတ် ၂၈ ရက်ကနေ မေ ၁ ရက် အတွင်း ပေးပို့တဲ့ အထောက်အထားအချက်အလက် ပျောက်ဆုံးမူရှိခဲ့တာလို့ စစ်အုပ်စုသံရုံးက မေ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်အသိပေးထားပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဖို့ ၁၄ လအောက် ကျန်သူတွေ အချက်အလက် ပေးပို့ရက်ချိန်း ယူဖို့ သတ်မှတ်ထားပေမဲ့ ၁၄ လအထက်ရှိသူတွေကပါ ဖုန်းခေါ်တာ၊ သက်တမ်းတိုးတာနဲ့ မဆိုင်တဲ့ ကိစ္စတွေ whatsapp ပေးပို့တာတွေ များခဲ့တာကြောင့် ပျောက်ဆုံးမူဖြစ်ရတာလို့ ဆိုပါတယ်။
အဲဒါကြောင့် မတ် ၂၈ ရက်ကနေ မေ ၁ ရက်အတွင်း အချက်အလက်ပေးပို့ခဲ့ပြီး အကြောင်း ပြန်ကြားချက်မရသူတွေ ပြန်ပြီးပေးပို့ရမယ်လို့ အသိပေးထားပါတယ်။
စစ်အုပ်စုသံရုံးရဲ့ ပေါ့လျော့မူကြောင့် နိုင်ငံသားတယောက်ချင်းဆီရဲ့ အချက်အလက် ပျောက်ဆုံး ရတာနဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်ရတယ်လို့ စင်ကာပူရောက်မြန်မာတွေက ဆိုပါတယ်။
စင်ကာပူနိုင်ငံမှာ ဆယ်စုနှစ်ကျော်ရောက်ရှိနေသူတယောက်က “သံရုံးက သူတို့နည်းပညာ အသုံးမကျလို့ ဖြစ်ရတာကို အပြစ်ဖို့ ခေါင်းရှောင်တာလို့ပဲမြင်တယ်။ နိုင်ငံသားတွေရဲ့ အထောက်အထား အချက်အလက်ကို သေသေချာချာ မထိန်းသိမ်းနိုင်တာ မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။
စစ်အုပ်စုသံရုံးအနေနဲ့ စင်ကာပူနိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားသူတွေကို စောင့်ကြည့်မှတ်သားကား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတဲ့ လုပ်ရပ်တွေ ပြုမူနေတာရှိတယ်လို့ အဲဒီနိုင်ငံမှာရှိတဲ့ မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသား ၁ သိန်းကျော် ရောက်ရှိလုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။










