DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်အစိုးရ၏ ရက် ၁၀၀ စီမံချက်၌ ခိုင်မာသည့် စီးပွားရေးမူဝါဒများ မပါဝင်
မြတ်သဇင်
·
May 28, 2026
Photo: MOI
Photo: MOI
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းကျိန်တဲ့နေ့က သူ့အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ စီးပွားရေးဖွံ့ဖြိုးအောင် လုပ်မယ်လို့ ပြောပေမဲ့ သူ့ရဲ့ ရက် ၁၀၀ စီမံချက်မှာ ပြည်သူ့လူမှုစီးပွားဘဝ မြှင့်တင်မဲ့ မူဝါဒတွေ မပါဝင်ဘူးလို့ ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။

နိုင်ငံ့စီးပွားရေးဟာ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး အားလုံးနဲ့ ဆက်စပ်နေတဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်ကြဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့အစိုးရအဖွဲ့ကို ဧပြီလတုန်းက ပြောခဲ့တာပါ။

သူ့အစိုးရရဲ့ ရက် ၁၀၀ စီမံချက်မှာတော့ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေ မပါဝင်သလို အခြေခံကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့ စတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို တိုးတက်စေမဲ့ စီမံကိန်းတွေ မပါဝင်ဘူးလို့ ISP Myanmar ရဲ့ မေ ၅ ရက်က ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းက ဆိုပါတယ်။

ရက် ၁၀၀ စီမံချက်၊ မျှော်လင့်ချက်နှင့် လက်တွေ့မြေပြင်အခြေအနေ ဆိုတဲ့ အဲဒီ သုတေသန စာတမ်းမှာ စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းမှာ အခုမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ အစီအစဉ်တောင် မပါဘူးလို့ ဆိုထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ် တယောက်ကတော့ ဒီ ရက် ၁၀၀ စီမံချက်မှာ ဗဟိုဘဏ်က လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

“စိုက်ပျိုးရေးကာလ ဖြစ်တယ်ဆိုတော့ Export သိပ်မလုပ်နိုင်ဘူး။ ဒေါ်လာ အဝင်နည်းတဲ့ ကာလကွာ။ အဝင်နည်းမဲ့ကာလဆိုရင် ဒီအချိန်က ဘာလုပ်မှာလဲဆိုတော့ ဈေးတက်တဲ့အချိန်။ ဈေးတက်တဲ့အချိန်ကို သူက ဘာလုပ်လိုက်လဲဆိုတော့ ကျန်တဲ့ Importer Other Sector တွေကို လိုင်စင်ချမပေးဘူး။ ဆေးဝါးတို့ တခြားဟာတွေ အကုန်လုံးကို လိုင်စင်တွေ မချပေးတော့ သူတို့တွေက တက်မဝယ်ရဘူး။ ဒေါ်လာ တက်ဝယ်လို့ရတဲ့ စက်သုံးဆီ ရှိတယ်။ စက်သုံးဆီကို သူက ဘာလုပ်လဲဆိုရင် ဆီသင်္ဘောတစင်းစာ မှာလိုက်တယ်ဆိုရင် အဲဒီတစင်းစာ အကုန်လုံးကို သူက ဘာနဲ့ ပေးလိုက်တာလဲဆိုရင် Worker Remittance (ပြည်ပရောက်အလုပ်သမားများ၏လွှဲပို့ငွေ) က ရတဲ့ ပိုက်ဆံနဲ့ ပေးလိုက်တာ။”

ဒါ့အပြင် ဗဟိုဘဏ်ရဲ့ စာရင်းဇယားတွေအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၉ လတာအတွင်း ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာ ပြန်ပို့ငွေဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈ ဘီလီယံ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်ဟာ ပြည်တွင်းမှာ စက်သုံးဆီနဲ့ စားသုံးဆီကိုသာ ဦးစားပေးအဖြစ် လိုင်စင်နဲ့ ဒေါ်လာ ချပေးနေတာဖြစ်ပြီး ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်း တင်သွင်းတာတွေကိုတော့ လိုင်စင် ပိတ်ပင်ကန့်သတ်တာနဲ့ ပြည်တွင်းမှာ ဒေါ်လာ ဝယ်လိုအား မရှိအောင် ဖန်တီးပြီး ငွေလဲနှုန်းကို အတင်းအကျပ် ထိန်းချုပ်နေတာလို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီဗျူဟာကြောင့်ပဲ ပြည်တွင်းမှာ တရားဝင်ဒေါ်လာဈေး ငြိမ်နေပေမဲ့ ပြင်ပငွေကြေးဈေးကွက်မှာတော့ ဒေါ်လာဈေးတွေ ဆက်လက်မြင့်တက်နေပြီး လူသုံးကုန်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ပြတ်လပ်ကာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် အစိုးရရဲ့ စိုက်ပျိုးရေးကဏ္ဍကို ဇောင်းပေးပြီး ချေးငွေထုတ်ချေးမဲ့ အစီအစဉ်မှာလည်း လယ်ယာသုံး စက်ကိရိယာတွေအတွက် ကျပ်သိန်း ၆,၀၀၀ ကျော်နဲ့ သီးနှံအလိုက် ချေးငွေတွေ ထုတ်ချေးပေးမဲ့ အစီအစဉ်တွေ ပါဝင်ပေမဲ့လည်း အောက်ခြေလယ်သမားတွေဆီကို တိုက်ရိုက်ထိရောက်မှု မရှိဘူးလို့လည်း သူက ထောက်ပြခဲ့ပါတယ်။

ဗဟိုဘဏ်နဲ့ နီးစပ်သူတယောက်က “သူက ဘယ်သူတွေကို ချေးပေးတာလဲဆိုတော့ အပေါ်က Exporter တွေကို ချေးပေးတာကွာ။ လယ်သမားတွေက လယ်စိုက်တော့မယ်ဆိုရင် ပိုးသတ်ဆေးတို့ ပေါင်းဆေးတို့ အားဆေး၊ ဓာတ်မြေဩဇာတို့ ဒါတွေက ဈေးအရမ်းမြင့်တယ်။ အဲတော့ သူတို့က ဘာလုပ်ရလဲဆိုရင် အကြွေးစိုက်ရတယ်။ အဲဒီအကြွေးပေါ်မှာလည်း သူတို့ အတိုးပေးရတာ ရှိသေးတယ်။ အဲ ပြီးသွားလို့ရှိရင် ဒီ ဆန်ဈေးကို ဘာလုပ်ထားလဲဆိုတော့ အစိုးရကနေပြီးတော့ ထိန်းချုပ်ထားတာ ရှိတယ်။ စပါးကို ဘယ်လောက်ဈေးထက် ပိုမဝယ်ရဘူး၊ ဆန်ကို ဘယ်ဈေးထက် ပိုမရောင်းရဘူးလို့ ထိန်းချုပ်ထားတဲ့ အရာတွေ ရှိတယ်။ အဲတော့ သူတို့ကလည်း အဲလောက် ဈေးကောင်းမရဘူး။ အဲတော့ တကယ့်တကယ်တမ်း သူတို့မှာ အရမ်းရုန်းကန်ရတယ် ဆန်သမားတွေက” လို့ ပြောပါတယ်။

စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိစေမဲ့ အခြေအနေ ဖန်တီးပေးတာ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေကို ဖိတ်ခေါ်ကမ်းလှမ်းတာတွေလည်း ပါဝင်ခြင်း မရှိပါဘူး။

နိုင်ငံတကာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အပိုင်းမှာလည်း ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကဏ္ဍတွေမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ထင်ထင်ရှားရှား ပြသဖို့ ကြိုးပမ်းထားတဲ့ အချက်အလက်တွေသာ ပါဝင်နေတာပါ။

MICS အလုပ်သမားအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ကတော့ စီးပွားရေးဟာလည်း နိုင်ငံရေးနဲ့ ဒွန်တွဲနေတာဖြစ်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်တဲ့နိုင်ငံကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချမဲ့ နိုင်ငံတွေကပဲ ရင်းနှီးမြှုပ်နှံဖို့ ဝင်ရောက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ စီးပွားရေးနဲ့ နိုင်ငံရေးက ဒွန်တွဲနေတာ ဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေး တည်ငြိမ်မှု မရှိတဲ့ နိုင်ငံကို ဘယ်ရင်းနှီးမြှုပ်နှံသူတွေကမှ လာမှာမဟုတ်ဘူး။ လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေကလည်း ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင်တော့ ဟို ကျနော်တို့ရဲ့ သယံဇာတတွေ၊ တနည်းအားဖြင့် ပြောရင် ကျနော်တို့ရဲ့ နိုင်ငံရေးအခြေအနေတွေကို ခုတုံးလုပ်ပြီးတော့မှ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက်ကိုပဲ ကြည့်မဲ့ ကိုယ်ကျိုးရှာ နိုင်ငံတွေကပဲ ဝင်လာမှာပေါ့နော်။ ကျနော်တို့ အလုပ်သမားတွေကို လစာနည်းနည်းပေးပြီးတော့မှ ပေါ့နော်။ ကျနော်တို့ ဒီ ဈေးပေါတဲ့ လစာတခုကိုပဲ ပေးပြီးတော့မှ ကျနော်တို့ရဲ့ လုပ်အားကို အသုံးပြုချင်တဲ့ ဒါ ကျနော်တို့ ကျင့်ဝတ်မရှိတဲ့ နိုင်ငံတွေကပဲ ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့က လက်ရှိအခြေအနေအရ မျှော်လင့်လို့ရမှာပေါ့နော်။ အဲ့တော့ အမှန်တကယ် ဒီ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လိုချင်တယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေးပြဿနာတွေ ပြေလည်အောင် ဖြေရှင်းပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျ။”

ISP Myanmar ရဲ့ သုတေသန အချက်အလက်တွေအရ ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၄၇ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013