
လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီးပြီး ထိန်းသိမ်းထားခဲ့တာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပါတယ်။ လူထုရှေ့ကနေ လုံး၀ ပျောက်ကွယ်သွားခဲ့တာကတော့ ၂၀၂၃ ခုနှစ်နောက်ပိုင်းက ဖြစ်ပါတယ်။ ဒီကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားတယ်၊ ဘယ်လိုပုံစံနဲ့ ထားတယ်၊ ကျန်းမာရေး ကောင်း မကောင်း၊ သက်ရှိထင်ရှား ရှိ မရှိ အများပြည်သူ သိခွင့်မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာတော့ မြန်မာရော၊ ကမ္ဘာကြီးကပါ အံဩသင့်သွားစေတဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အာဏာသိမ်းစစ်တပ်ရဲ့ မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်တွေက ထောင်ထဲကနေ သီးခြားနေရာတခုကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ သူနဲ့ ရဲအရာရှိနှစ်ဦး၊ စစ်ဘက်အရာရှိတဦး တွေ့ဆုံနေတဲ့ ဓာတ်ပုံတပုံ ထွက်ပေါ်လာပါတယ်။ ထူးခြားတာက သတင်းထွက်ပေါ်လာတဲ့ အချိန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ပြီးကာစ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ အတုလား အစစ်လား ဝေခွဲဖို့ ခက်နေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ရိုက်တာသတင်းဌာနကနေပြီး လာမဲ့ တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သူ့ရဲ့ရှေ့နေတွေနဲ့ တွေ့ခွင့်ရမယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်လာပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကို DVB က မေးကြည့်တဲ့အခါ ဒီသတင်း မမှန်ကန်ကြောင်း သိရပါတယ်။
တခါ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ခွင့်ရတယ်ဆိုတဲ့ နောက်ဆက်တွဲသတင်းတွေလည်း ကြားသိရပြန်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နဲ့ ဥရောပသမဂ္ဂ (EU) တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုလာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အခုလို လူမြင်ကွင်း ချပြလာတာ၊ သီးခြားနေရာတခုကို အကျယ်ချုပ်အနေအထားနဲ့ ပြောင်းရွှေ့လိုက်တာတွေရဲ့ နောက်ကွယ်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒီဗွီဘီသတင်းဌာနမှ မယမင်းမြတ်အေးက မြန်မာနိုင်ငံရေး စောင့်ကြည့်လေ့လာနေသူလည်းဖြစ် လူ့အခွင့်အရေး ထောက်ခံအားပေးသူလည်းဖြစ်တဲ့ စာရေးဆရာ မစ္စတာ ဖားဂတ်စ်ဟာလိုကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဖားဂတ်စ်ဟာလိုဟာ The voice of hope, Burma's voice of Freedom ဆိုတဲ့စာအုပ်တွေကို စာရေးဆရာ အယ်လန်ကလဲမင့်စ်နဲ့အတူ တွဲဖက်ရေးသားခဲ့တဲ့ စာရေးဆရာတဦး ဖြစ်ပါတယ်။
(မေးမြန်းချက် အပြည့်အစုံ)
မေး - မစ္စတာဖားဂတ်စ်ဟာလို ကို ဒီနေ့ အင်တာဗျူးအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ပထမဦးဆုံး မေးချင်တာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထွက်ပေါ်လာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နေရာပြောင်းရွှေ့ပြီး ထိန်းသိမ်းထားတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပါတယ်။ ဒီထုတ်ပြန်ချက်အပေါ် ဘယ်လိုနားလည်ပါသလဲ၊ ပြီးတော့ ဒီလုပ်ဆောင်ချက်ရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနိုင်တယ်လို့ ထင်ပါသလဲ။
ဖြေ - "ပွင့်ပွင့်လင်းလင်းပြောရရင် တကယ့်ကို စိုးရိမ်မိပါတယ်။ သူ့ရဲ့ပြစ်ဒဏ်ကို ဟန်ပြလျှော့ချလိုက်တာကိုတော့ ကျနော် သိပ်မအံ့သြပါဘူး။ ဒါပေမဲ့ သူ့ကို နေအိမ်အကျယ်ချုပ် ပြန်ထားမဲ့ လုပ်ရပ်အပေါ်တော့ အရမ်းကို အံ့သြမိတယ်။ စိုးရိမ်ပူပန်သွားတာလည်း အမှန်ပဲ။ ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုက ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုးရွားလာနေတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ သူ့ကို ထိန်းသိမ်းထားတဲ့ အခြေအနေဆိုးတွေအောက်မှာ သူ အကျဉ်းထောင်ထဲမှာ သေဆုံးသွားမဲ့ အဖြစ်မျိုး အရောက်ခံဖို့ မဖြစ်နိုင်တော့လို့များ ဒီလိုလုပ်တာလားဆိုတဲ့ အတွေးကြောင့် စိုးရိမ်မိတာ ဖြစ်ပါတယ်။”
“အခုချိန်ထိ သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရသေးပါဘူး။ ပြင်ပကမ္ဘာနဲ့ ဘယ်လိုမျိုး ဆက်သွယ်ခွင့်ပြုမလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ဘာသတင်းမှ မရသေးသလို သူ့ကို တကယ်ပဲ နေရာရွှေ့ပြောင်းလိုက်ပြီ ဆိုတာကို အတည်ပြုနိုင်မဲ့ ခိုင်မာတဲ့ အချက်အလက်လည်း ဘာတခုမှလည်း မရှိသေးပါဘူး။ သူ့ကို တွေ့ခဲ့ရတယ်လို့ သတင်းထွက်နေတဲ့ တဦးတည်းသောသူက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပဲ ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ဒီနေ့ သတင်းတွေအရ သူ့ရဲ့ ရှေ့နေအဖွဲ့ကိုလည်း တွေ့ခွင့်မပေးဘူးလို့ သိထားရပါတယ်။ ဟုတ်ပါတယ်။ ဒီလို အနေအထားအောက်မှာ လူတွေတောင်းဆိုနေကြတဲ့ သူ အသက်ရှင်လျက် ရှိနေပါသေးတယ်ဆိုတဲ့ သက်သေပြချက်မျိုး ရဖို့ဆိုတာကတော့ အများကြီး လိုနေသေးတယ်လို့ ကျနော်ထင်ပါတယ်။”
“ဥပမာအနေနဲ့ နယ်လ်ဆင်မန်ဒဲလား ထောင်ကလွတ်လာတုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ပါမယ်။ နယ်ဆင်မင်ဒဲလား လွတ်မြောက်လာတဲ့အခါ သူ့ရှေ့မှာ တီဗွီသတင်းအဖွဲ့တွေနဲ့ သူ့ကို ထောက်ခံအားပေးသူတွေ ထောင်သောင်းချီ ရှိခဲ့ကြပါတယ်။ သူဟာ ဇနီးဖြစ်သူနဲ့ လက်ချင်းချိတ်ပြီး ထောင်ထဲကနေ လမ်းလျှောက်ထွက်လာနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကျနော်တို့ဆီမှာ ဓာတ်ပုံတပုံပဲရှိပြီး အဲဒီပုံကလည်း လွန်ခဲ့တဲ့ နှစ်အတော်ကြာကပုံတောင် ဖြစ်နေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီလိုရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ လုပ်ရပ်အပေါ် အရမ်းကို သံသယဖြစ်မိသလို ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း တကယ့်ကို စိုးရိမ်စိတ် ဖြစ်မိပါတယ်။”
မေး - လူကြီးမင်းအနေနဲ့ ဒီအခြေအနေတွေအပေါ်မှာ စိုးရိမ်မှုရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံထွက်လာပြီး ၂ ရက်မြောက်နေ့မှာ သူ့ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီ Weekend မှာတွေ့ဖို့ အစီအစဉ်ရှိတယ် ဆိုတာမျိုးတွေ သတင်းတွေ ထွက်လာတယ်။ အခုအချိန်အထိ အဲဒါ ဖြစ်မလာသေးဘူး။ သူ့ရှေ့နေတွေကို DVB က မေးကြည့်တော့ အဲဒီသတင်း မဟုတ်တဲ့အကြောင်း ပြောတယ်။ နိုင်ငံတကာမှာရှိနေတဲ့ ပြည်သူတွေကလည်း ဓာတ်ပုံတပုံနဲ့ မလုံလောက်ဘူး။ သူ သက်ရှိထင်ရှားရှိနေကြောင်း ဒီထက်ခိုင်မာတဲ့ အထောက်အထား ချပြပေးဖို့ဆိုပြီး လှုပ်ရှားမှုတွေ လုပ်ပြီး တောင်းဆိုနေကြတယ်။ ရှေ့နေနဲ့ ပေးတွေ့တာပဲဖြစ်ဖြစ်၊ သံရုံးတွေနဲ့ ပေးတွေ့တာပဲဖြစ်ဖြစ်ပေါ့ သူတို့ တောင်းဆိုနေကြတယ်။ ကျမမေးချင်တာကတော့ စစ်ခေါင်းဆောင်တွေဘက်က ဘာကြောင့် ဒီလောက်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တင်းကျပ်နေတာလို့ ယူဆပါသလဲ။
ဖြေ - “ကျနော့်အမြင်ကို ပြောရရင်တော့ ဒီလို သက်ရှိထင်ရှားရှိသေးကြောင်း ခိုင်မာတဲ့ အထောက်အထား ပြပါဆိုတဲ့ တောင်းဆိုမှုတွေဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတဦးနဲ့ တော်တော်လေး ပြင်းထန်ဆိုးရွားနေတယ်လို့ ကြားထားရတဲ့ သူ့ရဲ့ ကျန်းမာရေးဖောက်ပြန်မှုတချို့ အပါအဝင် သူခက်ခက်ခဲခဲ ဖြတ်သန်းနေခဲ့ရတဲ့ ၅ နှစ်တာကာလအတွင်းက အခြေအနေတွေနဲ့ အများကြီး သက်ဆိုင်နေနိုင်တယ်လို့ ထင်ပါတယ်။ ဒီအုပ်ချုပ်ရေးစနစ်ဟာ အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ ငြင်းပယ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး နိုင်ငံရေး အကျဉ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့ အကျိုးဆက်အနေနဲ့ သေဆုံးနေကြရပါတယ်။ နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်လို သြဇာတိက္ကမ ကြီးမားတဲ့သူ တယောက်ကို ပြင်ပကမ္ဘာရဲ့ မျက်ကွယ်မှာ ၅ နှစ်တိတိ ဖုံးကွယ်ထားတယ် ဆိုတာဟာ အရင်က မရှိခဲ့ဘူးသလောက်ပါပဲ။ သူ့ကို ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန် (UK) နဲ့ အမေရိကန် (US) တို့က တောင်းဆိုနေကြတာဟာ ဝမ်းသာစရာကောင်းပေမဲ့ တကယ်တမ်း ပြောရမယ်ဆိုရင် ၅ နှစ်တောင် နောက်ကျလွန်းနေပါပြီလို့ ပြောလို့ရနိုင်မယ် ထင်ပါတယ်။”
မေး - အခြေအနေတွေကတော့ တကယ့်ကို ခက်ခက်ခဲခဲ အခြေအနေမျိုးတွေပါပဲ။ တခြားတဖက်က ကြည့်တော့လည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ချပြပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါတယ် ဆိုတာမျိုး သတင်းစကား ပါးလာတာက တကယ်တမ်းကျတော့ သူတို့ကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုအောင်၊ တနည်းအားဖြင့် နိုင်ငံရေး အမြတ်ထွက်အောင် လုပ်တာလို့ မြင်တဲ့ အမြင်တွေလည်း ရှိကြတယ်။ ဒီလိုကော ယူဆလို့ ရနိုင်မလား။
ဖြေ - “ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း စစ်အစိုးရ လုပ်ခဲ့သမျှ အများစုဟာ သူတို့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးအတွက် လုပ်ခဲ့တာတွေ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအထဲမှာ အရပ်သားအစိုးရကို အာဏာရရှိဖို့ ခွင့်ပြုပေးခဲ့တာတွေတောင် ပါဝင်ပါတယ်။ ဒါကြောင့် အခုကိစ္စဟာလည်း တခြားတဖက်က ကြည့်ရင် သူတို့ကိုယ်တိုင်ရဲ့ တရားဝင်ဖြစ်မှုနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ကျနော် လုံးဝကို ယုံကြည်ပါတယ်။ ဒါဟာ နိုင်ငံတကာဆက်ဆံရေးတွေနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ သေချာပါတယ်။ ဒါဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်မှာ တရားဝင်ဖြစ်မှု ရရှိရေးအတွက် ဆိုတဲ့ အချက်ကလည်း ငြင်းလို့မရနိုင်ပါဘူး။ ဒါပေမဲ့ အထင်ရှားဆုံးနဲ့ အရေးအကြီးဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိသေးတယ်ဆိုတဲ့ သက်သေပြချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆီကနေ ကျနော်တို့ သတင်းစကား ကြားသိရဖို့ပါပဲ။ ဒါမှမဟုတ်ရင် အခုလုပ်နေတာတွေ အကုန်လုံးဟာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။”
မေး - အခုလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ ထိန်းသိမ်းထားတယ် ဆိုပြီး ထုတ်ပြန်ကြေညာလာခဲ့တာကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အပြီးမှ ဖြစ်လာတာဆိုတော့ ဒီနောက်ကွယ်မှာ တရုတ်အစိုးရရဲ့ ဖိအားများ ရှိနေနိုင်သလား၊ ဘယ်လိုမြင်ပါသလဲ။
ဖြေ - “ကျနော်လည်း ဒီကိစ္စမှာ တရုတ်ဖိအား ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ် တရားဝင်မှုရှိဖို့နဲ့ မြန်မာနိုင်ငံကိုယ်တိုင် ငြိမ်းချမ်းတည်ငြိမ်ဖို့ဆိုတာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အရေးကြီးပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative) တွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြားမှာ ကုန်းတွင်းတံတားသဖွယ် တည်ရှိနေပြီး အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရရှိစေတာကြောင့် ဒေသတွင်းတည်ငြိမ်ဖို့ဟာ တရုတ်အတွက် အလွန်အမင်း အရေးကြီးပါတယ်။ အနောက်နိုင်ငံတွေအတွက် မြန်မာဟာ အရေးကြီးတယ်ဆိုတာထက် တရုတ်က အများကြီး ပိုပါတယ်။”
“ဒါကြောင့် လက်ရှိ စစ်ဗိုလ်ချုပ်တွေဟာ စီးပွားရေးနဲ့ နိုင်ငံရေးအရ အထောက်အပံ့ရဖို့ တရုတ်နိုင်ငံဘက်ကို လှည့်ကြည့်နေကြတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ အပစ်အခတ်ရပ်စဲရေးတွေမှာ ပါဝင်တာ၊ တည်ငြိမ်တဲ့ အစိုးရတရပ် ဖြစ်လာဖို့ ညှိနှိုင်း ဆောင်ရွက်ပေးတာတွေဟာ ပထဝီနိုင်ငံရေးအရကြည့်ရင် အဓိပ္ပာယ်ရှိပါတယ်။ အခုကိစ္စဟာလည်း အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်ပါတယ်။”
“နောက်တခုက သမ္မတ ဦးဝင်းမြင့် ကိစ္စပါ။ သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာဟာလည်း စစ်ဗိုလ်ချုပ်တွေဟာ အခြေအနေကို စမ်းသပ်ကြည့်တာမျိုး ဖြစ်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ နိုင်ငံတကာအသိုက်အဝန်းဆီကနေ ရလာမဲ့ တုံ့ပြန်မှုကို သူတို့ အထင်သေးခဲ့ပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရုံနဲ့တင် လုံလောက်ပြီလို့ သူတို့ ထင်ခဲ့ပုံရပေမဲ့ တကယ်တမ်းတော့ လုံးဝ မလုံလောက်ပါဘူး။ အခုဆိုရင် သူ့ကို ပြန်လွှတ်ပေးဖို့အတွက် ထောက်ခံအားပေးမှုတွေ ရုတ်တရက် ပြင်းထန်လာခဲ့ပါပြီ။”
မေး - လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဘက်က အခုလို ဖြေလျှော့ပေးလိုက်ခြင်းအားဖြင့် တရုတ်အတွက် ဘာအကျိုးရှိနိုင်သလဲ။
ဖြေ - “ဒါဟာ လူထုဆက်ဆံရေး (PR) ကောင်းအောင် လုပ်ဆောင်တာတခုပဲလို့ ကျနော်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအခြေအနေတွေကို ဖြတ်သန်းခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ မသိသေးတာတွေ အများကြီး ရှိနေပါသေးတယ်။ တကယ်လို့ အခြေအနေတွေဟာ တချို့လူတွေ ထင်ထားသလို ဆိုးရွားနေခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ဘယ်လိုတုံ့ပြန်မှုတွေ ရှိလာမလဲ ဆိုတာကိုလည်း ကျနော်တို့ မသိနိုင်ပါဘူး။ တကယ်လို့ သူ့ကို ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ ထားရှိပြီး အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားစေခဲ့မယ်ဆိုရင် နိုင်ငံတည်ငြိမ်ဖို့ဆိုတာ အခုထက် အဆပေါင်းများစွာ ပိုခက်ခဲသွားပါလိမ့်မယ်။ အဲဒီအခါမှာ တော်လှန်ရေးအင်အားစုတွေဘက်က ကျင့်ဝတ်ပိုင်းဆိုင်ရာ အသာစီးရသွားမှာဖြစ်ပြီး စစ်တပ်ထက်စာရင် နိုင်ငံတကာအသိုက်အဝန်းရဲ့ ထောက်ခံမှုကို ပိုမိုရရှိသွားနိုင်ပါတယ်။”
မေး - ဒီနေရာမှာ အနောက်နိုင်ငံတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဖို့ လိုလာပါပြီ။ ဒေါ်အောင်ဆန်းစုကြည် မတရား ဖမ်းဆီးခံထားရတဲ့အပေါ် အနောက်နိုင်ငံတွေအနေနဲ့ သူလွတ်မြောက်ရေးအတွက် လုံလောက်တဲ့ အားထုတ်ကြိုးပမ်းမှုတွေ ရှိခဲ့တယ်လို့ ယူဆပါသလား။
ဖြေ - “အနောက်နိုင်ငံတွေရဲ့ တုံ့ပြန်မှုဟာ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ အဆိုးရွားဆုံးအချက်ကတော့ ရွေးကောက်ခံ အစိုးရတရပ်လုံး အကျဉ်းချခံရတာ၊ အကျဉ်းချရုံတင်မကဘဲ သူတို့ရဲ့ အဆောက်အအုံ ယန္တရားတခုလုံး ဖျက်ဆီးခံလိုက်ရတာတွေအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုတွေ ရှိသင့်ပါလျက် မလုပ်ခဲ့ကြတာပါ။”
“လတ်တလောမှာ ဆက်ပြီးဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအတိုက်အခံတွေ အားလုံးကို ဖိနှိပ်နေမှုတွေ အပေါ်မှာလည်း သူတို့ အသံကျယ်ကျယ်လောင်လောင် ထွက်လာသင့်ပါတယ်။ ၅ နှစ်ကျော်ကြာအောင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ အတွက်လည်း ကန့်ကွက်မှုတွေ ရှိသင့်ပါတယ်။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ အရင်ကထက် ၁၀ ဆလောက် ပိုများနေပါပြီ။ ဒါပေမဲ့ အဲဒီလို ကန့်ကွက်တုံ့ပြန်မှုမျိုးတွေ ပြတ်ပြတ်သားသား လုပ်ခဲ့တာမျိုးတွေ မရှိခဲ့ပါဘူး။ သံတမန်တချို့ရဲ့ တဦးချင်း ထုတ်ပြန်ချက်မျိုးလောက်ပဲ ရှိခဲ့ပြီး အကျဉ်းချခံထားရတဲ့ အစိုးရအဖွဲ့ကို ပြန်လွှတ်ပေးဖို့အတွက် စနစ်တကျ စုပေါင်းတောင်းဆိုမှုမျိုး မရှိခဲ့ကြဘူး။”
“နောက်တခုက အနောက်နိုင်ငံတွေရဲ့ သတင်းစာတွေမှာ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ ဆိုတဲ့ စကားလုံးကို ဘယ်နေရာမှာမှ မတွေ့ရတော့တာဟာ အများကြီး စဉ်းစားစရာ ဖြစ်နေပါတယ်။ တကယ်တော့ စစ်တပ်ကို နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း ဖယ်ခွာသွားခွင့်ပြုဖို့ဆိုတာ ရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာတရပ် ဖြစ်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာတော့ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲချက်တွေ ရှိနေပါတယ်။ အဲဒါတွေဟာ အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူခဲ့ကြတာတွေ ဖြစ်ပါတယ်။ ကျနော်တို့ အနောက်နိုင်ငံတွေဟာ ကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်နိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားပိုင်းအရ အသာစီးယူပြီး ဝေဖန်ခဲ့ကြတယ်။ အနောက်နိုင်ငံတွေဟာ ဘယ်လောက်တောင်မှ မမြဲတဲ့ မိတ်ဆွေတွေ ဖြစ်တယ် ဆိုတာကို တွေ့ရတဲ့အတွက် ကျနော်ကိုယ်တိုင်လည်း တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။”
မေး - တဖက်ကကြည့်တော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ Icon တယောက်လည်း ဖြစ်တယ်။ ဒီလိုဖြစ်ပါလျက် ဒီမိုကရေစီနိုင်ငံကြီးတွေက ဘာကြောင့်များ တိုးတိတ်နေကြရတာလဲ။ သူ့ကို ထောက်ခံခြင်းအားဖြင့် နိုင်ငံရေးအရ တစုံတရာ အကျိုးစီးပွား မရှိနိုင်တော့ဘူးလို့များ ယူဆသွားကြတာမျိုးလား၊ ဘယ်လိုမြင်ပါသလဲ။
ဖြေ - “အာဏာမရှိတော့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်နေတဲ့ အတိုက်အခံပါတီတခု၊ အကျိုးဆက်တွေ ရှိလာနိုင်မဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်နိုင်တဲ့ အနေအထားမှာ မရှိတော့တဲ့ အတိုက်အခံပါတီတခုကို ထောက်ခံရတာနဲ့ မြန်မာနိုင်ငံမှာ အရင်လို အာဏာရနေပြီး လက်တွေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနေရတဲ့ ပါတီတခုကို ထောက်ခံရတာကြားမှာ အတွေးအခေါ်ပိုင်းနဲ့ ဝါဒပိုင်းဆိုင်ရာ ကွဲပြားချက် အကြီးကြီးရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအခါမျိုးမှာ ဒါဟာ စိတ်ကူးယဉ်ဆန်တဲ့ ဝါဒသဘောတရားမျိုး မဟုတ်တော့ဘဲ လက်တွေ့ကျတဲ့ နိုင်ငံရေး (Realpolitik) ဖြစ်လာပါတယ်။”
“ကျနော်တို့ အနောက်နိုင်ငံတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အထက်တန်းလွှာတွေနဲ့ ချိတ်ဆက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်း ရှိပေမဲ့ မြေပြင်က လူထုရဲ့ အခြေအနေမှန်ကိုတော့ လွဲမှားစွာ ဖော်ပြလေ့ ရှိကြပါတယ်။ အခုကိစ္စဟာလည်း အဲဒါရဲ့ ဥပမာတခုပဲလို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးပွေလီမှုမျိုးကို နားလည်သဘောပေါက်ဖို့ ကျနော်တို့မှာ အားနည်းချက်ရှိနေပြီး ကျနော်တို့ရဲ့ တုံ့ပြန်မှု အတော်များများဟာ ကိုယ့်နိုင်ငံတွင်းက နိုင်ငံရေးအခြေအနေတွေနဲ့ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်း ၂၀ ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအပေါ်မှာပဲ အခြေခံနေပါတယ်။ ကျနော်တို့ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အရှေ့တောင်အာရှက အကြမ်းဖက်မှု အကြောင်းတွေကို ထုတ်ဖော် ပြောဆိုဖို့ဆိုတာ အခုအချိန်မှာ ကျနော်တို့အတွက် နိုင်ငံရေးအရ အကျိုးမရှိသလို ဖြစ်နေပါတယ်။ အနောက်နိုင်ငံတွေမှာ လက်ရှိအချိန်မှာ အဲဒီလိုကိစ္စရပ်တွေကို ဆွေးနွေးဖို့ နေရာသိပ်မရှိဘူး ဖြစ်နေတယ်လို့ပဲ ပြောကြပါစို့။”
မေး - လက်ရှိအနေအထားတွေကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးဟာ ဘယ်လိုပုံစံတော့ ဖြစ်လာနိုင်တယ် ဆိုတာမျိုး မြင်ထားတာမျိုး၊ မျှော်လင့်ထားတာမျိုး ရှိပါသလား။
ဖြေ - “မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားလို နိုင်ငံတွေဆီကနေ ပထဝီနိုင်ငံရေးအရ ထောက်ခံမှု အပြည့်အဝ ရနေတယ်လို့ ကျနော်ထင်ပါတယ်။ စစ်မြေပြင်မှာ သူတို့နယ်မြေတွေ ဆုံးရှုံးနေရတယ် ဆိုတဲ့ သတင်းတွေ ရှိနေပေမဲ့လည်း သူတို့ဟာ ဒေသတွင်းမှာ အထောက်အပံ့အရဆုံး အဖွဲ့အစည်းအဖြစ် ရှိနေဆဲပါ။”
“တဖက်မှာလည်း နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဒါမှမဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကူညီဖို့အတွက် တကယ့် လက်တွေ့ကျတဲ့ အစီအစဉ်မျိုး မရှိကြသေးပါဘူး။ သူတို့ကို သံတမန်ရေးရာအရ နေရာအနည်းငယ် ပေးထားတာမျိုး ရှိပေမဲ့ အတိုက်အခံအင်အားစုတွေကို ထောက်ခံအားပေးဖို့အတွက် တညီတညွတ်တည်း စုပေါင်းတောင်းဆိုတာမျိုးကတော့ ထပ်ပြောရရင် မရှိသေးပါဘူး။”
“အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မျက်စိအောက်မှာပဲ ရှိနေပြီး အနောက်နိုင်ငံတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒီနိုင်ငံကြီးတွေရဲ့ စစ်တပ်အပေါ် ထောက်ခံအားပေးမှုတွေဟာ အချိန်အတော်ကြာအောင် ဆက်ရှိနေဦးမဲ့ ဖြစ်စဉ်တခုလို့ပဲ ကျနော် မြင်မိပါတယ်။”
မေး - မြန်မာပြည်သူလူထုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် ဘယ်လိုများ အကြံပြုချင်ပါသလဲ။
ဖြေ - “စည်းလုံးညီညွတ်စွာ နေကြပါ၊ သိက္ခာရှိစွာ နေထိုင်ကြပါ၊ ပြီးတော့ တဦးနဲ့ တဦးရဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေကို အပြန်အလှန် ပံ့ပိုးကူညီကြပါလို့ ပြောချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ အခြေခံကနေစပြီး တည်ဆောက်ဖို့ အလွန်ခက်ခဲတဲ့ အရာတခုပါ။ အရင်က ဒီလိုမျိုး တည်ဆောက်နိုင်ခဲ့တာမျိုး ရှိခဲ့ဖူးလားဆိုတာ ကျနော် မသေချာပေမဲ့ ဒါကလွဲလို့ တခြားရွေးချယ်စရာ သိပ်ရှိမယ်လို့လည်း ကျနော်မထင်ပါဘူး။”
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဒေသခံလူထုကို နည်းလမ်းပေါင်းစုံနဲ့ ကူညီနိုင်ဖို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒါကို ပြင်ပကလူတွေအနေနဲ့ နားလည် သဘောပေါက်ပြီး ပါဝင်ဆောင်ရွက်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အဓိကအကျဆုံး အချက်ကတော့ မြန်မာပြည်သူလူထု၊ သူတို့ရဲ့ မျှော်မှန်းချက်တွေနဲ့ သူတို့ရဲ့ နိုင်ငံရေးဆန္ဒပဲ ဖြစ်ပါတယ်။ အဲဒါဟာ အလေးထားစဉ်းစားရမဲ့၊ နားထောင်ရမဲ့အရာ ဖြစ်ပါတယ်။”
အခုလိုဖြေကြားပေးတဲ့အတွက် ဖားဂတ်စ်ဟာလိုကို DVB ကနေ ကျေးဇူးတင်ပါတယ်။
“ဟုတ်ကဲ့ ကျနော်လည်း ကျေးဇူးတင်ပါတယ်။”
ယမင်းမြတ်အေး










