DVB Logo
Home
မြန်မာသတင်း
ကရင်လက်နက်ကိုင်တပ်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြရန် တိုက်တွန်း
DVB
·
May 6, 2021
ကရင်လက်နက်ကိုင်တပ်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြရန် တိုက်တွန်း
Donate to DVB

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကိုတော်လှန်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ဒုစစ်ဉီးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်ကို အတူတကွတွန်းလှန်ကြဖို့အတွက်  ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNLA၊ DKBA၊  KNU/KNLA(PC) နဲ့ ကရင်နယ်ခြားစောင့်တပ်BGFတို့ကို KNLAဒုစစ်ဉီးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့တာပါ။

စစ်အာဏာရှင်ရဲ့ သပ်သျှိုသွေးခွဲမှုတွေကြောင့် အရင်ကလို ကရင်အချင်းချင်း တိုက်ခိုက်ခဲ့ရတာမျိုး ထပ်မဖြစ်အောင်တိုက်တွန်းတာဖြစ်သလို လက်ရှိအချိန်ဟာ ကရင့်တော်လှန်ရေးနှစ် ၇၀ အတွင်း အကောင်းဆုံးအခွင့်အရေး၊ အကောင်းဆုံးအခိုက်အတန့်ဖြစ်တဲ့အတွက် အားလုံးစည်းလုံးညီညွတ်ရမယ့်အချိန်ဖြစ်တယ်လို့ KNUမူတြော်ခရိုင်ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ဒီဗွီဘီကိုပြောပါတယ်။

စစ်အာဏာရှင်ကို ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ဖို့ဆိုတဲ့အရာနဲ့ပတ်သက်လို့ ရာခိုင်နှုန်းတစ်ခုထိတော့ မျှော်လင့်လို့ရကြောင်း ကရင်လက်နက်ကိုင်အဖွဲ့တွေထဲမှာ ရာခိုင်နှုန်းတချို့က တပ်မတော်ရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေပြီး မလွန်ဆန်နိုင်တာကြောင့် အားလုံးပူးပေါင်းတော်လှန်ဖို့ဆိုတာကို အပြည့်အ ဝမျှော်လင့်လို့မရပေမယ့် အရင်လို ကရင်လက်နက်ကိုင်အချင်းချင်း ပြန်လည်တိုက်ခိုက်ရတာ မျိုးတွေမရှိဖို့တော့ မျှော်လင့်ယုံကြည်တယ်လို့ ပဒိုမန်းမန်းကပြောပါတယ်။

KNLAစစ်ဉီးစီးချုပ်ရဲ့ ပူးပေါင်းတော်လှန်ဖို့ တိုက်တွန်းချက်နဲ့ပတ်သက်လို့ တခြားကရင် လက်နက်ကိုင်အဖွဲ့တွေရဲ့သဘောထားကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ တိကျတဲ့ အဖြေတွေမရရှိခဲ့ပါဘူး။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အနေနဲ့ကတော့ ပူးပေါင်းတော်လှန်ရေး၊ ညီညွတ်ရေးစတာတွေနဲ့ပတ်သက်လို့ လက်ရှိမှာ သီးခြားစဉ်းစားထားတာတွေမရှိသေးသလို  ပိုနေမြဲကျားနေမြဲပဲလို့ DKBA ဒုစစ်ဉီးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးက ပြောပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၂ ဖွဲ့ဖြစ်တဲ့ DKBA နဲ့ KNU/KNLA (PC)  အဖွဲ့တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာသေးခင်က နေပြည်တော်ကို သွားရောက်ပြီး  စစ်ကောင်စီနဲ့တွေ့ဆုံထားပါတယ်။

အဲဒီတွေ့ဆုံမှု ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာတွေနဲ့ပတ်သက်လို့တော့ ဘာမှတ်ချက်မှမ ပေးလိုဘူးလို့ DKBA ဒုစစ်ဉီးစီးချုပ်   ဒုဗိုလ်ချုပ်စောစတီးက ပြောပါတယ်။

အလားတူ ကရင်နယ်ခြားစောင့်အဖွဲ့ BGFအနေနဲ့ကတော့ တစ်နိုင်ငံလုံးငြိမ်းငြိမ်းချမ်းချမ်းရှိနေဖို့ကိုပဲ လိုလားတယ်လို့ ဗိုလ်မှူးကြီး စောချစ်သူက ဆိုပါတယ်။

ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတချို့မှာ စစ်ကောင်စီဘက်က BGFတပ်ကို အသုံးပြုတာတွေရှိနေတယ်လို့ သတင်းတွေထွက်နေတာရှိပေမယ့် အဲဒီသတင်းတွေကိုတော့ ဗိုလ်မှူးကြီးစောချစ်သူက ငြင်းဆိုပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ကိုတော့ ဒီဗွီဘီက ဆက်သွယ်လို့မရသေးပါဘူး။

လတ်တလော ကေအန်ယူ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွေထဲကို  စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGFအဖွဲ့ အင်အားအများအပြားရောက်ရှိနေတယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ် BGFတပ်တွေကို ကေအန်ယူထိန်းချုပ်နယ်မြေတွေထဲ ပို့နေတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့ကလည်း  ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး BGFတပ်တွေကို တပ်မဟာ (၅)နယ်မြေတွေထဲပို့ဆောင်နေခဲ့တာဖြစ်ပြီး ခုချိန်ထိဆိုရင် BGFတပ်ဖွဲ့ဝင် ၅၀၀ ကျော်လောက်ရှိနေပြီလို့ ဆိုပါတယ်။

ကရင့်လက်နက်ကိုင်အချင်းအချင်း တိုက်ခိုက်ရတာမျိုးတွေကို မလိုလားပေမယ့် BGFအနေနဲ့ စစ်ကောင်စီအလိုကျ ပြည်သူလူထုနဲ့ ကေအန်ယူဘက်ကို ထိခိုက်လာမယ်ဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့BGF အတွင်းရေးမှူး  ဗိုလ်မှူးကြီးစောချစ်သူကို မေလ၂ရက်နေ့က မေးမြန်းရာမှာတော့ အဲဒီလို ပို့ဆောင်တာတွေမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ BGFအနေနဲ့ ဒေသလုံခြုံရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နေတာတွေသာရှိပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ကိုသာ မျှော်လင့်တယ်လို့လည်း  ပြောဆိုထားပါတယ်။

လက်ရှိမှာ ကေအန်ယူထိန်းချုပ်နယ်မြေမှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။’

စစ်ကောင်စီဟာ ကေအန်ယူနဲ့ဖြစ်ပွားခဲ့တဲ့ အရင်တုန်းက တိုက်ပွဲတွေမှာလည်း လူထုကိုသာပစ်မှတ်ထားခဲ့ပြီး ခုချိန်ထိလည်း အဲဒီလိုပုံစံမျိုးလုပ်ဆောင်နေတယ်လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတို့ကြားတိုက်ပွဲတွေဆက်တိုက်ရှိနေပြီး စစ်ကောင်စီဘက် လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတာပါ။ အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေရှိနေပြီး သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013