
နှစ်နိုင်ငံခေါင်းဆောင်တွေ အကြားရထားတဲ့ အရေးပါတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေတယ်လို့ တရုတ်ဘက်က ပြောပါတယ်။
တရုတ်နဲ့ အမေရိကန် နိုင်ငံခေါင်းဆောင်တွေအကြား မကြာသေးမီက လုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို တုံ့ပြန်ရာမှာ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) ပြောရေးဆိုခွင့်ရှိသူ ချန်းရှီးက ခုလိုပြောလိုက်တာပါ။
ချန်းရှီးက “ကျနော်တို့က စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတည်ငြိမ်ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမှာဖြစ်ပြီး အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနဲ့ အပြန်အလှန်အကျိုးပြုမှုတို့အပေါ် အခြေခံတဲ့ မဟာဗျူဟာမြောက် တည်ငြိမ်တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ရာမှာ အပြုသဘောဆောင်တဲ့ စွမ်းအင်နဲ့ တွန်းအားသစ်တွေကို ထည့်ဝင်သွားမယ်”လို့ ပြောခဲ့ပါတယ်။
နိုင်ငံခေါင်းဆောင်အဆင့် သံတမန်ရေးရာ ဆက်ဆံမှုတွေက တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ အဓိကကျောရိုးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးလမ်းကြောင်းကို သတ်မှတ်ရာမှာ လမ်းညွှန်မှုပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၀ ရက်က ပြောခဲ့တာဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ ရထားတဲ့ အရေးပါတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ ဆက်သွယ်ပြောဆိုမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့နဲ့ ကွဲပြားခြားနားချက် တွေကို သင့်လျော်အောင် ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ တရုတ်စစ်တပ်က အဆင်သင့်ပဲလို့ ချန်းရှီးက ပြောပါတယ်။
Source: Reuters











