DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG အစိုးရကြေညာ
DVB
·
May 5, 2021
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG အစိုးရကြေညာ
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို တရားဝင်ဖွဲ့ စည်းကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က  မေလ ၅ ရက်မှာ ကြေညာပါတယ်။ 

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့  ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့ အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်မှာ  တရားဝင် ဖွဲ့စည်းထူထောင်လိုက်တာ  ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူလူထုရဲ့ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးနေတဲ့အပြင်၊ တိုင်းပြည်ရဲ့ နိုင်ငံရေးဉီးတည်ချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်နေတယ်လို့ လည်းဆိုပါတယ်။

ဒီအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုတွေကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်တဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရေးနဲ့  ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံတဝန်းမြို့နယ်တွေ အတော်များများမှာလည်း ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဖွဲ့စည်းဆောင်ရွက်နေကြသလို ဒေသတချို့မှာတော့ အကြမ်းဖက်စစ်အုပ်စုကို  ပြည်သူတွေက ရရာလက်နက်ဆွဲကိုင် စတင်တော်လှန်နေကြပြီ ဖြစ်ပါတယ်။

အလားတူ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013