DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၇၇၀ နီးပါး၊ ဖမ်းဆီးခံရသူ ၃၆၀၀ ကျော်ရှိ လာ
DVB
·
May 5, 2021
အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၇၇၀ နီးပါး၊ ဖမ်းဆီးခံရသူ ၃၆၀၀ ကျော်ရှိ လာ
Donate to DVB

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှုကာလ ၃ လကျော်အကြာ စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့်  ကျဆုံးပြည်သူပေါင်း ၇၆၉ ယောက်ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၄ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၆၇၇ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၈၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၁၄၃၈ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၄ ရက်နေ့မှာလည်း ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် မြန်မာပြည်အနှံ့က  ပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အထူးသဖြင့် ကျောင်းသားလူငယ်တွေက စစ်ကျွန်ပညာရေးကို ကန့်ကွက်တဲ့အနေနဲ့ “ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ နေ့ညမရွေး ပြည်သူတွေအပေါ် ပစ်ခတ်ဖြိုခွင်းနေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေအောက်မှာသာ ဆက်ရှိနေတယ်လို့ အေအေပီပီက ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းက ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အမျိုးမျိုးသော အကြမ်းဖက်မှု တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်ခံစားနေကြရပေမယ့် လျစ်လျူရှုခြင်း ခံနေကြရဆဲဖြစ်ပြီး အထူးသဖြင့် ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခုထက်ပို ဖိအားပေး လုပ်ဆောင်ဖို့ လိုအပ်တဲ့အပြင် နိုင်ငံတကာကလည်း ပိုပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးရင် ပြည်သူတွေ အခုထက်ပိုပြီး ကျဆုံး ထိခိုက်မှုတွေ ရှိလာရုံသာမက အဘက်ဘက်က ပြင်းထန်တဲ့ ဖိနှိပ်ခြိမ်းခြောက်မှုတွေကို ဆက်လက်ခံစားနေကြရမှာဖြစ်ကြောင်းလည်း အေအေပီပီက ပြောပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013