DVB Logo
Home
မြန်မာသတင်း
ဂြိုဟ်တုစလောင်းတပ်ဆင်အသုံးပြုသူများကို အရေးယူနိုင်ဟု အကြမ်းဖက်စစ်ကောင်စီကြေညာ
DVB
·
May 5, 2021
ဂြိုဟ်တုစလောင်းတပ်ဆင်အသုံးပြုသူများကို အရေးယူနိုင်ဟု အကြမ်းဖက်စစ်ကောင်စီကြေညာ
Donate to DVB

ဂြိုဟ်တု၊ ရုပ်မြင်သံကြားဖမ်းစက်တွေကို တပ်ဆင်အသုံးပြုဖမ်းယူကြည့်ရှုပါက  ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်၊  ဒဏ်ငွေ ၅ သိန်း အရေးယူခံရနိုင်တယ်လို့ ကြိုတင်အသိပေးကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပြန်ကြားရေးက မေလ ၄ ရက်မှာ ကြေညာပါတယ်။

DVB ၊ Mizzima စတဲ့ သတင်းဌာနတွေက ဂြိုဟ်တုစလောင်းတွေကနေတဆင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့မတရားမှုတွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ပြည်သူတွေရဲ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို   ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကလည်း  အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို  ဂြိုဟ်တုစလောင်းတွေကနေ တဆင့် ထုတ်လွှင့်နေတာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြန်ကြားရေးကတော့ တရားမဝင်အဖွဲ့အစည်းနဲ့ သတင်းဌာနတချို့ဟာ ဂြိုဟ်တုစလောင်းတွေကနေတဆင့်  နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေနဲ့ နိုင်ငံတော်အား သစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်သူတွေကို အားပေးကူညီရာရောက်တဲ့ အကြောင်းအရာတွေကို ထုတ်လွှင့်နေတယ်လို့ မနေ့ညက ထုတ်လွှင့်ကြေညာသွားပါတယ်။ 

ဒီလို မကြေညာခင်မှာလည်း   ဂြိုဟ်တု၊ ရုပ်မြင်သံကြားဖမ်းစက်တွေ ဖြုတ်သိမ်းဖို့ ရန်ကုန်အပြင် မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းတွေရှိ  မြို့ရွာအနှံ့ လိုက်လံဖြုတ်သိမ်းခိုင်းတာတွေ ကျေးရွာတွေမှာ ဂြိုဟ်တုစလောင်းတွေကို အဓမ္မဖြုတ်ချတာတွေလည်းရှိခဲ့ပါတယ်။

လတ်တလော ကချင်ပြည်နယ်ထဲက  ဝိုင်းမော်မြို့နဲ့ နမ္မတီးမြို့က ရပ်ကွက်အတွင်းရှိ နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ PSI စလောင်းတွေကို မေ ၃ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဖြုတ်ခိုင်းနေတယ်လို့ သိရပါတယ်။

“ကျမတို့အိမ်ရှေ့က အိမ်ကို စလောင်းတွေဖြုတ်ထားဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာပြောတာ။ မဖြုတ်ထားရင် ဒဏ်ရိုက်မယ်လို့လည်းပြောသွားပါတယ်”လို့ ဝိုင်းမော်မြို့ ရပ်ကွက်‌ (၅) မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဧပြီလကစတင်ကာ ကချင်ပြည်နယ်က မြို့နယ်အချို့နဲ့ တခြားမြို့နယ်တွေမှာ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုလို့မရစေဖို့ ရည်ရွယ်ပြီး ရပ်ကွက်တွေထဲမှာ PSI စလောင်းတွေကို လိုက်လံဖြုတ်သိမ်းခိုင်းနေတာဖြစ်ပြီး အရောင်းဆိုင်တွေမှာလည်း လိုက်လံသိမ်းဆည်းတာတွေ လုပ်ဆောင်နေပါတယ်။

မတ်လ ၈ ရက်နေ့ကစလို့ အကြမ်းဖက်စစ်ကောင်စီက DVB ၊ Mizzima ၊ 7Days၊ Myanmar Now နဲ့ ခေတ်သစ်မီဒီယာတို့ကို လိုင်စင်ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး သတင်းသမားတွေကိုလည်း  ဖမ်းဆီးထောင်ချတာတွေ၊ တရာစွဲတာတွေ ဆက်တိုက်လုပ်ဆောင် နေပါတယ်။

ခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက ဒေသအခြေစိုက် သတင်းဌာနတွေကိုလည်း လိုင်စင်ပိတ်သိမ်းတာတွေလုပ်ဆောင်နေပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဆက်တိုက်ချိုးဖောက်နေပါတယ်။

မီဒီယာတွေကို တဖက်က ဖိနှိပ်နေတဲ့အပြင် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်ပြီးလည်း ပြည်သူလူထုကို သတင်းအမှောင်ချထားဖို့  အကြမ်းဖက် စစ်အုပ်စု ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013