
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာမှာ တောဆင်ရိုင်းတွေ ဝင်လာပြီး နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပြီး အခက်တွေ့နေကြပါတယ်။
ဇူလိုင် ၇ ရက်က သာပေါင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာထဲကို တောဆင်ရိုင်းအုပ်ဝင်ပြီး ဦးအောင်စိုးမိုးရဲ့ နေအိမ်နဲ့ ရွာထဲက သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးခဲ့သလို လူတွေကို တိုက်ခိုက်လာနိုင်တာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံ အရပ်သားတယောက်က “အိမ်က ဆင်နင်းခံရလို့ ပျက်စီးသွားတယ်။ ဆင်ရိုင်းတွေက တောထဲ ပြန်မသွားသေးဘူး။ ရွာထဲဝင်လိုက် သီးနှံတွေဖျက်ဆီးလိုက် လုပ်နေတာ။ ကြောက်လို့ ဘာမှမလုပ်ရဲဘဲ ကြည့်ကိုနေရတာ” လို့ ပြောပါတယ်။
တောဆင်ရိုင်း နင်းဖျက်ခံရလို့ ပျက်စီးသွားတဲ့နေအိမ်ဟာ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း အိမ်ဖြစ်ကာ ဦးအောင်စိုးမိုးနဲ့အတူ မိသားစုဝင် ၄ ယောက် နေထိုင်တာဖြစ်ပြီး လက်ရှိ ဆင်ရိုင်းတွေက ရာသီပေါ် သီးပင်စားပင်တွေနဲ့ စပါးခင်းတွေကို လိုက်လံဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဆင်ရိုင်းနင်းခံရပြီး ပျက်စီးသွားတဲ့အိမ်က ဦးအောင်စိုးမိုးနဲ့ မိသားစုကို ယာယီ မိသားစုတွေဆီ ရွှေ့ပြောင်းပေးထားတယ်။ တခြား ရွာထဲက ဒေသခံတွေကိုလည်း ဆင်ရိုင်းအန္တရာယ် သတိပြုဖို့ သတိပေးထားပါတယ်” လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ ဆင်ရိုင်းနင်းခံရလို့ နေအိမ်နဲ့ သီးနှံစိုက်ခင်း အများအပြား ပျက်စီးခဲ့ပေမဲ့ လူတွေ ထိခိုက်တာမရှိဘဲ ဆင်တွေကို ရှောင်ရှားနေနေရတယ်လို့ သိရပါတယ်။
ဇွန် ၂၅ ရက်ကလည်း သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ဝက်သိုက်ကုန်းကျေးရွာထဲကို တောဆင်ရိုင်းအုပ် ဝင်ကာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ် ၂၈ ရက်ကလည်း သာပေါင်းမြို့နယ်၊ လှေတတ်ကြီးကျေးရွာမှာ ဆင်ရိုင်းအနင်းခံရလို့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဧပြီ ၂ ရက်ကလည်း သာပေါင်းမြို့နယ်၊ တက်ကုန်းကျေးရွာမှာ အမျိုးသားတယောက် တောဆင်ရိုင်းနင်းခံရလို့ သေဆုံးကာ နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။










