
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က သေနတ်သမားကို ဧပြီ ၂၇ ရက်က တရားရုံးမှာ စတင် စွဲချက်တင်လိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကိုးလ်တောမတ်စ်အလန်ဟာ ဧပြီ ၂၅ ရက်က ဝါရှင်တန်ဟီလ်တန် ဟိုတယ်မှာ ကျင်းပတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာ လုံခြုံရေး စစ်ဆေးတဲ့နေရာကို ကျော်ဖြတ် ဝင်ရောက်ခဲ့တာပါ။ သူ့ဆီမှာ ဆီမီးအော်တို ပစ္စတို၊ ပြောင်းချောသေနတ်နဲ့ ဓား ၃ လက် ပါဝင်ပါတယ်။
တခြားစွဲချက်တွေကတော့ ရာဇဝတ်မှုကျူးလွန်ဖို့ ရည်ရွယ်ပြီးတော့ ပြည်နယ်ဖြတ်ကျော် လက်နက်သယ်ဆောင်မှုနဲ့ အကြမ်းဖက်ရာဇဝတ်မှုတခုအတွင်း သေနတ်ပစ်ဖောက်မှုတွေဖြစ်ပြီး စွဲချက် ၂ ခုစလုံးအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
အဲဒီဖြစ်စဉ်မှာ လျှို့ဝှက်လုံခြုံရေးအေးဂျင့်တယောက် ရင်ဘတ်ကို သေနတ်မှန်ခဲ့ပေမဲ့ ကျည်ကာအင်္ကျီဝတ်ထားလို့ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ထရမ့်ပ် အပါအဝင် အစိုးရအဖွဲ့ အရာရှိကြီးတွေကို ဟိုတယ်ခန်းမထဲကနေ အရေးပေါ် ကယ်ထုတ်ခဲ့ရပါတယ်။
တောမတ်စ်အလန်က အစိုးရအဖွဲ့ အရာရှိကြီးတွေကို ဦးစားပေး ပစ်မှတ်ထားမယ်လို့ မိသားစုဆီ စာရေးခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်းမှုဟာ ပြစ်မှုထင်ရှားရင် တသက်တကျွန်း ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် အိမ်ဖြူတော်ရဲ့ လုံခြုံရေးအစီအမံတွေကို အမေရိကန် တာဝန်ရှိသူတွေက ပြန်လည်သုံးသပ်နေပါတယ်။
ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တာဝန်ပျက်ကွက်တာ မရှိဘူးလို့ ခေတ္တရှေ့နေချုပ် တော့ဒ် ဘလန့်ချ်က ပြောပါတယ်။
စွဲချက်တင်ခံထားရတဲ့ သေနတ်သမားကို ဧပြီ ၃၀ ရက်မှာ တရားရုံး ထပ်မံထုတ်ယူဖို့ ရှိနေပါတယ်။
Source: Reuters











