DVB Logo
Home
နိုင်ငံရေး
မြန်မာစစ်အာဏာသိမ်းမှု၊ အာဆီယံနဲ့ တရုတ် (ဆောင်းပါး)
DVB
·
April 30, 2021
မြန်မာစစ်အာဏာသိမ်းမှု၊ အာဆီယံနဲ့ တရုတ် (ဆောင်းပါး)
Donate to DVB

တရုတ်အစိုးရအာဘော် သတင်းစာတစ်စောင်ဖြစ်တဲ့ Global Times ထဲမှာတော့ ‘မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့အတွက် အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပြီး ဒီတွေ့ဆုံမှုကနေ တင်းမာမှုကို လျှော့ချစေဖို့ ယုံကြည်ရတယ်’ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သတင်းဆောင်းပါးတစ်ခု ဖတ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့တုန်းကပါ။ အချက် ၅ ချက်ပါတဲ့ အာဆီယံ သဘောတူ ကြေညာချက်မှာ All parties ဆိုတဲ့ အကြမ်းဖက်မှုမှာ ပါဝင်သူအားလုံးဆိုတာဟာ အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူလူထုကို ထည့်သွင်းပြောဆိုပုံပေါက်နေလို့ ဝေဖန်သူတွေနဲ့ မြန်မာပြည်သူလူထုကြားမှာတင် အတော်လေး အဲဒီအသုံးအနှုန်းအပေါ် ခံပြင်းနေပါတယ်။ အာဆီယံဟာ နိုင်ငံတကာကပါ အဓိကထား တောင်းဆိုနေတဲ့ အာဏာသိမ်းစစ်ကောင်စီကနေ မတရားဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့ကိုတောင် နောက်ဆုံး ထုတ်ပြန်တဲ့ သဘောတူညီချက်ထဲ မထည့်နိုင်ခဲ့ပါဘူး။ အစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှားရဲ့ ထုတ်ပြန်ချက်ထဲမှာသာ ဒီအချက်က ပါဝင်ခဲ့တယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်လည်း ဒီအစည်းအဝေးဟာ သူအာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံပြင်ပထွက်ခွာ တက်ရောက်တဲ့ အစည်းအဝေးတစ်ခုဖြစ်တယ်။ အာဆီယံဟာ မြန်မာနိုင်ငံအကြီးအကဲအနေနဲ့ ဖိတ်ကြားတာ မဟုတ်ပါဘူး၊ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့သာ ဖိတ်ကြားတာပါလို့ ပြောနေပေမဲ့၊ မြန်မာပြည်သူတွေအတွက်တော့ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင်ကို အရေးတယူလုပ် ဆက်ဆံတာသာ ဖြစ်တယ်လို့ ဒေါသတကြီးယုံမှတ်ကြပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်ပါဘူး။ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ မရေမရာတွေ၊ အချိန်ကာလ သတ်မှတ်ချက် မပါတာတွေ၊ မြန်မာပြည်တွင်းက မြေပြင်အခြေအနေနဲ့ လက်တွေ့မကျ ကင်းကွာနေတာတွေ၊ အာဆီယံရဲ့ မူဝါဒတစ်ခုဖြစ်တဲ့ ‘တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ’ဆိုတာကလည်း အောက်ခြေက ပြည်သူလူထုအပေါ် မျက်ကွယ်ပြုပြီး လက်ဝယ်အာဏာရှိသူကိုသာ တရားဝင်မှုပေး ဆက်ဆံတဲ့ပုံစံတွေက အာဆီယံအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်စေခဲ့တယ်။

တကယ်တမ်းတော့ ASEAN Way ဆိုတဲ့ အာဆီယံနည်းလမ်းဆိုတာ တရုတ်နိုင်ငံက စစ်အာဏာသိမ်းမှု စဖြစ်ကတည်းက တင်သွင်းနေတဲ့ နည်းလမ်းနဲ့ ဘာမှ မကွာခြားပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကနေတဆင့် ပြည်သူ့ဆန္ဒမဲအရ အာဏာရလာတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းတာက မြန်မာ့ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်၊ ပြည်ပကနေ ဝင်ရောက်စွက်ဖက်စရာမလိုဘူး၊ သူတို့ဟာသူတို့ ရှင်းလိမ့်မယ်၊ ဘယ်သူမှ ဝင်မပါနဲ့ဆိုတာဟာ တရုတ်နိုင်ငံရဲ့ သေတစ်ပန်သက်တစ်ဆုံး လက်ကိုင်မူဝါဒ ဖြစ်ပါတယ်။ နဝတ/နအဖ စစ်အာဏာရှင်စနစ်တုန်းကလည်း ဒီမူဝါဒနဲ့ပဲ မြန်မာအပေါ် ဆက်ဆံခဲ့တယ်။ ပြီးတော့ အာဆီယံ ဆိုတာကလည်း နဝတ/နအဖ စစ်အစိုးရကို တရားဝင်မှုပိုရှိအောင် အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံပေးခဲ့တဲ့ အာဏာရှင်စနစ်အားပေး အဖွဲ့အစည်းတစ်ခုပါ။ တကယ့် ပြည်သူမျက်နှာ၊ ပြည်သူ့ဘက် ဘယ်တုန်းကမှ မရပ်တည်ခဲ့တဲ့ အာဆီယံအဖွဲ့ ဖြစ်တယ်။

အကြောင်းတရားကလည်း ရိုးစင်းပါတယ်။ အာဆီယံနိုင်ငံတွေဟာ ‘ဖားတစ်ပိုင်း ငါးတစ်ပိုင်း’ ဒီမိုကရေစီနိုင်ငံတွေ၊ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေ၊ စစ်တပ်နဲ့မကင်းတဲ့ အစိုးရတွေချည်းပါပဲ။ ဒါကြောင့် သူတို့ကိုယ်တိုင် သက်ဆိုင်ရာနိုင်ငံတွေထဲ လုပ်ချင်ရာလုပ်နိုင်ဖို့အတွက် ‘ဝင်မစွက်ဖက်ရေးမူ’ကို ဖက်တွယ်ထားကြတာ ဖြစ်တယ်။ ဒါက တရုတ်ရဲ့ မူဝါဒနဲ့ သွားအံကိုက်နေတာဖြစ်တယ်။

တရုတ်နိုင်ငံကလည်း ၁၉၉၀ တုန်းက တရုတ်နိုင်ငံ မဟုတ်တော့။ ၁၉၉၀ တုန်းကဆို တရုတ်ပြည်မကြီးထဲ ဆင်းရဲမွဲတေမှုနှုန်းက ကြောက်ခမန်းလိလိပါ။ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က ဆင်းရဲမွဲတေမှုလိုင်းအောက် ရောက်နေခဲ့တယ်။ နှစ်ပေါင်း ၃၀ ကြာ ယနေ့ တရုတ်ပြည်ကတော့ အတော်လေးကို ပြောင်းလဲသွားခဲ့ပြီး ဆူပါပါဝါ အမေရိကန်ပြည်ထောင်စုကို ပခုံးချင်းယှဉ်ဖို့ ပြင်လာတဲ့အနေအထားထိ ရောက်လာခဲ့တယ်။

အထက်မှာဆိုခဲ့သလိုပဲ တရုတ်နိုင်ငံဟာ သမိုင်းတလျှောက်လုံး မြန်မာ့အရေးနဲ့ပတ်သက်ရင် laissez-faire ဆိုတဲ့ ပြင်ပကနေ ကြားဝင်ဖြေရှင်းတာကို လက်မခံဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ရှင်း ဆိုတဲ့ ချဉ်းကပ်မှုပုံစံ သူ့မူဝါဒအနေနဲ့ ကျင့်သုံးခဲ့တာ ဖြစ်တယ်။ တရုတ်အစိုးရကိုယ်တိုင်လည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ သမိုင်းဆိုး ရှိခဲ့တယ်။ ခုထိလည်း အဲဒီပုံစံအတိုင်းပါပဲ။ သူ့ပိုင်နက် နယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ တိုင်ဝမ်၊ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာဆို အမေရိကန်နဲ့ အနောက်အုပ်စု ကြားဝင်စွက်ဖက်တာကို ပြောင်ပြောင်တင်းတင်း ဒေါသတကြီး ဆန့်ကျင် ပြောဆိုလေ့ရှိတယ်။ ဒါပေမဲ့ တရုတ်ဟာ သူ့ရဲ့ အဲဒီမူဝါဒကို တကယ်ရော လိုက်နာကျင့်သုံးရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အနီးစပ်ဆုံး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အရေးကိစ္စမှာ သူ ကြားဝင်စွက်ဖက်နေတာတွေ၊ ဝင်ကစားနေတာတွေ တပုံကြီးပါပဲ။ ဟိုအရင် ဗကပတုန်းကစလို့ ‘ဝ’ ဒေသ အပါအဝင် တခြားတိုင်းရင်းသား ဒေသတွေထဲက စစ်ရေး၊ နိုင်ငံရေးတွေမှာ တရုတ်ကြားဝင် စွက်ဖက်နေတာတွေအကြောင်း ဝေဖန်သူတွ ထောက်ပြ ပြောဆိုနေတာ မနည်းမနောပါ။

ဒါမို့ တရုတ်နိုင်ငံရဲ့ ‘မြန်မာစစ်အာဏာသိမ်းမှုက သူ့ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်။ ပြည်ပကနေ ဘယ်သူမှ ကြားဝင်စွက်ဖက်ဖို့ မလိုဘူး’ လို့ မကြာခဏ ပြောဆို သတိပေးပုံဟာ ရှေ့နောက်ညီညွတ်မှုရှိတဲ့ ရပ်တည်ချက် မဟုတ်ပါဘူး။ မြန်မာကို တည်ငြိမ်စေချင်တယ် ဆိုတာကလည်း သူနဲ့ ကုန်သွယ်ရေးအပါအဝင် ယဉ်ကျေးမှု၊ လူမှုစီးပွားကအစ နယ်နိမိတ်ချင်းကပ် ကူးလူးစပ်ယှက်နေရတဲ့ နိုင်ငံဖြစ်နေလို့သာ ဖြစ်တယ်။

နောက်တစ်ချက်ကတော့ နိုင်ငံရေး အိုင်ဒီယော်လိုဂျီပိုင်းပါ။ တစ်ပါတီ အာဏာရှင်စနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံရေးအထိုင်မှာ ကွန်မြူနစ်စနစ်ဖြစ်လို့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို သူ့အနီးအနား မထွန်းကားစေလိုပါဘူး။ ဆူပါပါဝါဖြစ်ဖို့ တာစူလာနေတဲ့ တရုတ်နိုင်ငံဟာ အခုမြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာစင်မြင့်မှာ သိက္ခာကျရသလို သူ့အင်အားချဲ့ထွင်ဖို့ အကန့်အသတ်တွေသာ ဖြစ်သွားစေပါတယ်။ အထူးသဖြင့် သူ့ရဲ့ OBOR စီမံကိန်းကြီးကို အဟန့်အတား ဖြစ်သွားစေတယ်။ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံအတွင်း သူ့အကျိုးစီးပွားတွေကို ခြိမ်းခြောက်တာ ပိုခံလာရဖို့ပဲ ရှိပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း အာဆီယံနိုင်ငံတချို့နဲ့ အငြင်းပွားနေရတဲ့အပြင် အခုဆို မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ တရုတ်ဆန့်ကျင်ရေးတွေ ပြန်လည်မြင့်တက်လာတာမို့ မြန်မာစစ်အာဏာသိမ်းမှုဟာ ဒေသတွင်းကို မတည်မငြိမ် ဖြစ်စေတဲ့အပြင် တရုတ်အကျိုးစီးပွားကို ဘယ်ဘက်ကမှ ကောင်းစေမှာ မဟုတ်တာကိုတော့ ၂၁ ရာစု တရုတ်တို့ သဘောပေါက်ချိန်တန်ပြီလို့ ယူဆရပါကြောင်း…..။

ထူးကျော်ဝင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013