
အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်၊ ကနောခရိုင်မှာရှိတဲ့ ကက်တလစ်ရီဖှိုင်နာ အမည်ရှိ ငွေဓာတ်ကူပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ ဧပြီ ၂၂ ရက်က ဓာတုပစ္စည်းယိုစိမ့်မှု ဖြစ်ပွားလို့ အနည်းဆုံး လူ ၂ ယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမတော်တဆမှုဟာ စက်ရုံ ပိတ်သိမ်းဖို့အတွက် စက်ပစ္စည်းတွေကို သန့်ရှင်းရေးနဲ့ အဆိပ်အတောက်ဖယ်ရှားရေး လုပ်ဆောင်နေတုန်း ဖြစ်ပွားခဲ့တာပါ။
အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ခံ စစ်ဂ်မန်ရဲ့ ရှင်းပြချက်အရ ပန့်ပ်ဧရိယာမှာ ဓာတုပေါင်းစပ်ပစ္စည်းတမျိုးဖြစ်တဲ့ M2000A နဲ့ နိုက်ထရစ်အက်ဆစ်တို့ ရောစပ်နေချိန် ဓာတုတုံ့ပြန်မှုဖြစ်ပြီး အသက်သေဆုံးစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် ဓာတ်ငွေ့တွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် စက်ရုံပတ်ဝန်းကျင် တမိုင်ပတ်လည်မှာရှိတဲ့ ဒေသခံတွေကို အိမ်ထဲမှာပဲ အလုံပိတ်နေကြဖို့ အမိန့်ထုတ်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အန္တရာယ်ရှိပစ္စည်း ကိုင်တွယ်ရေးအဖွဲ့တွေကို အခင်းဖြစ်နေရာကို စေလွှတ်ခဲ့ပါတယ်။
ဒရုန်းဗီဒီယိုမှတ်တမ်းတွေအရ စက်ရုံကိုသွားတဲ့လမ်းတွေကို ပိတ်ထားပြီး အရေးပေါ်ကားတွေ ရောက်ရှိနေပါတယ်။
ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၂၁ ယောက် ဆေးရုံတင်လိုက်ရပြီး တယောက် ကတော့ အခြေအနေ စိုးရိမ်ရပါတယ်။
စက်ရုံပိုင်ရှင် အေးမ်စ်ဂိုးလ်စမစ်သ် ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌ ဖရန့်ခ် ဘာဘာက သေဆုံးသွားသူတွေဟာ သူတို့ကုမ္ပဏီရဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
ကနော ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဘန်ဆလန်ဂိုကတော့ ဒီဓာတုဗေဒပစ္စည်း ယိုစိမ့်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်နဲ့ ဒေသန္တရအဆင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီစက်ရုံဟာ ကနောခရိုင်ထဲက မြို့နယ်အုပ်ချုပ်ရေးအောက်မှာ တိုက်ရိုက်မရှိတဲ့ အင်စတီကျု အမည်ရှိ လူနေရပ်ကွက်ထဲမှာ တည်ရှိပါတယ်။










