
မြစ်ကြီးနားက ရပ်ကွက်စျေးတွေမှာ ဧပြီ ၂၈ ရက် မနက်က အာဏာသိမ်းစစ်တပ်က ဖွင့်မယ့်ကျောင်းတွေ မတက်ကြဖို့ စျေးသူစျေးသားတွေနဲ့စျေးဝယ်တွေကို လူငယ်တွေက စာရွက်တွေ လိုက်လံဝေပေးခဲ့တယ်လို့ သိရပါတယ်။
”အခြေခံကျောင်းတွေနဲ့ နေ့ကျောင်း (Day) မဟာတန်းတွေရော မေလ ၅ ရက်နေ့ ကျောင်းဖွင့်မယ်လို့ ကြေညာထားတယ်၊ အဲ့ဒီကျောင်းတွေကို လုံးဝမတက်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ စာရွက်လိုက်ဝေခဲ့သူ ကျောင်းသားတစ်ယောက်က ပြောပါတယ်။
လိုက်လံဝေပေးတဲ့ စာရွက်ထဲမှာ အခက်အခဲကြားက CDM ပြုလုပ်နေတဲ့ ဆရာဆရာမတွေအပါအဝင် ဝန်ထမ်းတွေ နဲ့ အသက်ပေးလှူသွားတဲ့ နွေဦးတော်လှန်ရေးအာ ဇာနည်သူရဲကောင်းတွေအား ငဲ့ညှာထောက်ထားတဲ့အနေနဲ့ ကျောင်းမတက်ဖို့၊ မိမိ သားသမီးတွေကို ကျောင်းတက်ဖို့အတွက် ဖိအားမပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်လို့ ပါရှိပါတယ်။
မြစ်ကြီးနားမြို့က CDM ဆရာ၊ ဆရာမတွေ နဲ့ မြစ်ကြီးနား အခြေစိုက်ကျောင်းသားသမဂ္ဂတွေ၊ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး ပင်မသပိတ်စစ်ကြောင်းနဲ့ စစ်အာဏာရှင်အား ချီတက်ဆန္ဒပြခဲ့တာလို့ သိရပါတယ်။










