DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်နေချိန် ရခိုင်တွင် ငွေထုတ်ခ တသိန်းကို ကျပ် ၇၀၀၀ ကျပ်အထိ မြင့်တက်
DVB
·
July 11, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်က ရေဘေးသင့်နေတဲ့မြို့နယ်တွေမှာ ငွေထုတ်ခ ကျပ်တသိန်းကို ၆,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်အထိပေးပြီး ထုတ်နေကြရတယ်လို့ ရခိုင်ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦး၊ မင်းပြားမြို့နယ်တို့က ငွေလွှဲ ငွေငွေထုတ်ဆိုင်တချို့ ပိတ်ထားကြသလို ငွေထုတ်ခတွေ တရက်တမျိုးတက်လာတယ်လို့ မြောက်ဦးဒေသခံ အမျိုးသမီးငယ် တယောက်က ပြောပါတယ်။

“ငွေထုတ်ခတွေ တရက်တမျိုး ဈေးတက်နေတာ။ ကိုယ့်ဒေသမှာရေကြီးတော့ နိုင်ငံခြားနဲ့ ရပ်ဝေးမှာ ရောက်နေကြတဲ့သူတွေက အရေးပေါ်အသုံးစရိတ်အဖြစ် ငွေတွေထည့်ပေးကြတာ ရှိတယ်။ ဒီဘက်မှာ ထုတ်ခအဖြစ် ငွေတသိန်းက ၇,၀၀၀ ပေးရတယ်။ လွန်ခဲ့တဲ့ တပတ် လောက် က ငွေထုတ်တွေ တသိန်းကို ၄,၀၀၀ လောက်ပဲရှိရာကနေ ဒီရက်ပိုင်းမှာပဲ နှစ်ဆနီးပါး မြင့်တက် သွားတာ”

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကတည်းကစလို ဘဏ်စနစ်တွေရပ်တန့်နေတာကြောင် ငွေလွှဲ ငွေထုတ်ပြုလုပ်တဲ့ အေဂျင့်ဆိုင်တွေကတဆင့် ရာခိုင်နှုန်းပေးပြီး ငွေလွှဲငွေထုတ် လုပ်နေကြရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အခုရက်ပိုင်း ရေကြီးနေကြောင့် ကုန်သွယ်မှု ရပ်တန့် နေတာကြောင့် ငွေသားပြတ်လပ်ပြီး ငွေထုတ်ခရာခိုင်နှုန်း မြင့်လာနေတာလို့ ကျောက်တော် မြို့နယ်က ငွေလွှဲငွေထုတ် အေးဂျင့်တယောက်က ပြောပါတယ်။

“ငွေသားတွေ ပြတ်လပ်နေတာကြောင့် ဒီရက်ပိုင်း ငွေထုတ်ခတွေ ဆက်တိုက်မြင့်တက် နေတာ ရှိတယ်။ အထူးသဖြင့် ကုန်သည်တွေ ရာသီဥတုအခြေအနေကြောင့် ကုန်သွယ်မှုမရှိကြတော့ ငွေဒိုင်တွေမှာလည်း ငွေသားပြတ်လပ်ပြီး ဈေးတက်နေတာ”

ရခိုင်မှာ ဘဏ်စနစ်တွေရပ်တန့်နေတာကြောင့် ငွေသားတွေကို ရန်ကုန်ဘက်က နည်းအမျိုးမျိုးနဲ့ သယ်ယူကြရသလို ဒေသတွင်းကုန်သည်တွေရဲ့ ကုန်သွယ်မှုအပေါ်မှာမူတည်ပြီး  ငွေသား ပြတ်တောက်မှု ရှိ၊ မရှိအပေါ် ငွေထုတ်ခ အတက်အကျတွေ ဖြစ်ပတာလို့ ငွေလွှဲငွေထုတ် အေးဂျင့် တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လဆန်းပိုင်းကစပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ပလက်ဝစတဲ့မြို့နယ်တွေက မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာပေါင်း ရာနဲ့ချီ ရေကြီးမှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013