
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ တက္ကသိုလ်ကျောင်းသား ၃ ဦးကို ဧပြီ ၂၄ ရက် ည ၁၂ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
ကွန်ပျူတာတက္ကသိုလ်(မြိတ်) ကျောင်းသား ကိုသက်လွင်ငြိမ်း၊ နည်းပညာတက္ကသိုလ်(မြိတ်) ကျောင်းသား ကိုစိုးဝေယံဖြိုးနဲ့ မြိတ်တက္ကသိုလ်ကျောင်းသား ကိုပြည့်မင်းခန့်တို့ ၃ ဦး ဖမ်းဆီးခံလိုက်ရတာပါ။
ရဲနဲ့စစ်သားအင်အား ၃၀ လောက်က ကျောင်းသားတွေရဲ့ နေအိမ်အသီးသီးမှာ ရှာဖွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အိမ်တံခါးတွေကိုကန်ဖျက်၊ နေအိမ်အတွင်း ဧည့်စာရင်းစစ်မယ်ဆိုပြီး အတင်းဝင်ရောက်ခဲ့ကြတယ်လို့ ကျောင်းသား မိခင်တစ်ယောက်က ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကိုမိသားစုဝင်တွေက မသိရသေးပါဘူး။
ဒါ့အပြင် အမှုလိုက်ပါဆောင်ရွက်ပေးနိုင်တဲ့ ရှေ့နေ (သို့) ရှေ့နေ ကွန်ရက်တွေနဲ့ပါ အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။











