
အာရှရေပြင်မှာ အီရန်အလံလွှင့်ထားတဲ့ ရေနံတင်သင်္ဘော ၃ စင်းထက်မနည်းကို အမေရိကန် စစ်တပ်က ကြားဖြတ်ဟန့်တားခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့အချိန်ကစလို့ သင်္ဘော ၂၉ စင်းကို နောက်ကြောင်းပြန်လှည့်ဖို့ ဒါမှမဟုတ် ဆိပ်ကမ်းပြန်ဝင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အိန္ဒိယ၊ မလေးရှားနဲ့ သီရိလင်္ကာနိုင်ငံတွေအနီး သူတို့ရှိနေတဲ့ နေရာကနေ အဝေးကို ထွက်ခွာစေခဲ့ တယ်လို့ ရိုက်တာသတင်းက ဧပြီ ၂၂ ရက်မှာ ဖော်ပြပါတယ်။
ကြားဖြတ်ဟန့်တားခံရတဲ့ သင်္ဘောတွေထဲမှာ ရေနံစိမ်းတွေ တင်ဆောင်လာတဲ့ Deep Sea ၊ Sevin နဲ့ Dorena လို့နာမည်ပေးထားတဲ့ သင်္ဘာတွေ ပါဝင်ပါတယ်။
ဒီအထဲက Dorena သင်္ဘောကိုတော့ အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန်ရေတပ် ဖျက်သင်္ဘော တစင်းက စောင့်ကြပ် ခေါ်ဆောင်သွားပါတယ်။ ဒယ်ရီယာလို့ခေါ်တဲ့ သင်္ဘောတစင်းကိုလည်း အမေရိကန်တပ်တွေက တားဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ၊ Sevin သင်္ဘောဟာ ရေနံစည် တသန်းဆံ့ကာ Dorena သင်္ဘောကတော့ ရေနံစည် နှစ်သန်း အပြည့်တင်ဆောင်လာတာဖြစ်ပြီး သင်္ဘောဟာ အမေရိကန်ရဲ့ ကင်းလွတ်ခွင့်သက်တမ်း မကုန်ဆုံးခင် အိန္ဒိယနိုင်ငံမှာ ရေနံတွေချပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် အခုလို တားဆီးခံရတာပါ။
ရေမြှုပ်မိုင်းအန္တရာယ်ကို ရှောင်ရှားဖို့ ဟော်မုဇ်ရေလက်ကြားနဲ့ဝေးတဲ့ ပင်လယ်ပြင်မှာ အမေရိကန် က အခုလို ပစ်မှတ်ထား တားဆီးနေတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အပစ်အခတ်ရပ်စဲထားပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မဆက်နိုင်ဖြစ်နေချိန်မှာ အီရန်ကလည်း ဟောမုဇ်ရေလက်ကြားက ကုန်သေတ္တာတင် သင်္ဘော ၂ ကို ဧပြီ ၂၂ ရက်မှာ ဝင်ရောက် စီးနင်းလိုက်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်မှုတွေကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားမယ်လို့ ဧပြီ ၂၁ ရက်မှာ ကြေညာပြီးနောက် အခုလိုဖြစ်ပွားခဲ့တာပါ။
အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှုတွေကို အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကွီ ဂါလီဘတ် က ဝေဖန်လိုက်ပြီး ပိတ်ဆို့မှုတွေ ရုပ်သိမ်းမှသာ အပစ်ရပ်စဲရေးက အဓိပ္ပာယ်ရှိမယ်လို့ သူက ဆိုပါတယ်။
အခု အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးလိုက်တာဟာ လိုက်ဘေးရီးယားအလံတင် သင်္ဘာ Epaminondas) နဲ့ ပနားမားအလံတင် MSC Francesca သင်္ဘောတွေ ဖြစ်ပါတယ်။ လိုအပ်တဲ့ ခွင့်ပြုချက်မပါဘဲ သွားလာနေလို့ အခုလို ဖမ်းဆီးရတာဖြစ်တယ်လို့ အီရန်ဘက်က စွပ်စွဲ ထားပါတယ်။
အီရန်နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ လက်နက်ကိုင်စစ်သား တွေဟာ သင်္ဘောတွေပေါ်ကို ဝင်ရောက်စီးနင်းနေတာ တွေ့ရပါတယ်။
အခုလို ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ဘရန့် ရေနံစိမ်း ဈေးနှုန်းဟာ သီတင်းနှစ်ပတ်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တစည်ကို အမေရိကန် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။
အိမ်ဖြူတော်ကတော့ အီရန်ရဲ့ လုပ်ရပ်ဟာ ပင်လယ်ဓားပြလုပ်ရပ်ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Source:Reuters










