
မြန်မာနိုင်ငံက အွန်လိုင်းအသုံးပြုသူတွေရဲ့ လှုပ်ရှားမှုတွေကို စစ်အာဏာရှင် အစိုးရဘက်က အထူးကော်မတီဖွဲ့ပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်စစ်ဆေးနေပါတယ်။
လက်ရှိအချိန်မှာ Facebook၊ Telegram နဲ့ TikTok စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ၊ မမှန်သတင်း ဖြန့်ချိမှုတွေ ပိုများပြားလာတဲ့အတွက် ဒါတွေကို ဘယ်လို ထိန်းချုပ် အရေးယူနေသလဲဆိုတာကို ဇွန် ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းကျွန်းအမတ် ဒေါ်သန်းသန်းအေးက မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ပတ်သက်ပြီး စစ်အာဏာရှင်ခန့် ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားသွားတာမှာ လူမှုကွန်ရက်ပေါ်က ဝေဖန်ရေးသားမှုတွေ၊ အကြမ်းဖက် လှုံ့ဆော်မှုတွေကို စောင့်ကြည့်နှိမ်နင်းဖို့အတွက် ဧပြီ ၂၈ ရက်မှာ ပြည်ထဲရေးဒုဝန်ကြီးကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ အထူးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ပြောသွားပါတယ်။
ဒီကော်မတီအောက်မှာ ၂၄ နာရီပတ်လုံး အွန်လိုင်းကို စောင့်ကြည့်မဲ့အဖွဲ့ အပါအဝင် အထူးအဖွဲ့ ၇ ဖွဲ့ ခွဲပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ အခု ၂၀၂၆ ခုနှစ်အတွင်းမှာတင် အွန်လိုင်းပေါ်က အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး တယ်လီဖုန်းနံပါတ် ၁,၃၈၇ ခု နဲ့ ဘဏ်အကောင့် ၇၂၅ ခု ကို စစ်တပ်ဘက်က ပိတ်သိမ်းခဲ့ပြီး လူပေါင်းသောင်းနဲ့ချီကို အရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂ တို့အရ အရေးယူဆောင်ရွက်မှုအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ အမှုပေါင်း ၅၃၄၉ မှုမှ တရားခံ ၉၃၁၂ ယောက်၊ ၂၀၂၅ ခုနှစ်အတွင်း အမှုပေါင်း ၅၁၇၀ မှုမှ တရားခံ ၈၄၃၅ ယောက်၊ ၂၀၂၆ ခုနှစ်အတွင်း မေလအထိ အမှုပေါင်း ၁၁၇၆ မှုမှ တရားခံ ၁၇၅၀ ယောက်ကို အရေးယူခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အရေးယူမှုအဖြစ် ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၉၇၄ မှုမှ တရားခံ ၁၁၅၂ ယောက် ၂၀၂၅ ခုနှစ်မှာ အမှုပေါင်း ၃၉၄ မှုမှ တရားခံ ၆၁၆ ယောက် ၊ ၂၀၂၆ ခုနှစ်ကနေ မေလအထိ အမှုပေါင်း ၈၄ မှုမှ တရားခံ ၁၀၄ ယောက်ကို အရေးယူဆောင်ရွက်ခဲတယ်လို့ လည်း ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူကပြောပါတယ်။
သူ့ရဲ့ ဖြေဆိုချက်အရဆိုရင် ၂၀၂၄ ကနေ ၂၀၂၆ မေလထိ ၂ နှစ်တာကာလအတွင်း အင်တာနက်ပေါ်မှာ သတင်းတု သတင်းမှား တင်တာ မဖွယ်မရာတွေတင်တာနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့နဲ့ တရားစွဲဆိုခံရသူ ၂၁,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုတွေကြောင့် ပြည်သူ ၈၀,၀၀၀ နီးပါးကို အသိပညာပေးတာတွေ လုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ပြည်သူတွေကို အကြောက်တရားသွင်းပြီး အသံတိတ်သွားအောင် ခြောက်လှန့်တာ ဖြစ်တယ်လို့ ဒစ်ဂျစ်တယ်လုံခြုံရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
စစ်အာဏာရှင် အစိုးရဟာ ဘတ်ဂျက်ငွေ အမြောက်အမြားသုံးပြီး နည်းပညာအရလူတိုင်းကို စောင့်ကြည့်ဖို့ဖြစ်နိုင်ပေမဲ့ ဒါဟာ အများပြည်သူမြင်တွေ့နိုင်တဲ့ Public Post တွေနဲ့ Comment တွေကိုသာ စောင့်ကြည့်နိုင်တာလို့ ဆိုပါတယ်။
ဒါကြောင့် ဒီလို စောင့်ကြည့်မှုတွေ တင်းကျပ်နေတဲ့ ကာလမျိုးမှာ ပြည်သူတွေအနေနဲ့ အကြောက်တရားကြောင့် အသံတိတ်သွားစရာမလိုဘဲ အွန်လိုင်းပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆက်လက် အသုံးပြုနိုင်ဖို့အတွက် နည်းပညာပိုင်းအရ မိမိကိုယ်ကိုယ် အရင်ဆုံး ကာကွယ်ထားဖို့ လိုအပ်တယ်လို့ Digital လုံခြုံရေးကျွမ်းကျင်သူတွေက အကြုံပြုပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေး ကျွမ်းကျင်သူ မနန္ဒာက “ဒီလိုအကြောင်းအရာတွေနဲ့ ကြုံတွေ့ရတယ်ဆိုလို့ရှိရင် ကြောက်ပြီးတော့ ကျမတို့တွေ silent (အသံတိတ်) ဖြစ်သွားရမှာ မဟုတ်ပါဘူးပေါ့နော်။ ဒါပေမဲ့လို့ ကျမတို့က ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် လုပ်ပြီးတော့ ဒီတခြားလူတွေ သိသင့်တဲ့ အကြောင်းအရာတွေကို ကိုယ်က ဆက်လက်ပြောလို့ရတယ်၊ ဆက်လက်ပါဝင်လို့ရတယ်။ ဥပမာအားဖြင့်... ကိုယ်ကတော့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံဘူး၊ ကိုယ့်ရဲ့ နာမည် ပေါက်ကြားလို့ မဖြစ်ဘူးဆိုလို့ရှိရင် တခြား ကိုယ့်ကိုယ်စား ပြောမဲ့သူတွေ ဘယ်သူများ ရှိသလဲ၊ သူတို့တွေကို အချက်အလက်တွေ ပေးပြီးတော့ ဒီအရာတွေကို ပြောဆိုဖို့အတွက်ပေါ့နော်” လို့ ပြောပါတယ်။
ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့အတိုင်း အွန်လိုင်းအသုံးပြုသူ ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရဖို့အတွက် မိမိတို့ရဲ့ လူမှုကွန်ရက်ပေါ်က Post တွေ၊ Comment တွေကို Public မထားဘဲ Friend-only (သို့မဟုတ်) Private အဖြစ်သာ ပြောင်းလဲအသုံးပြုသင့်ပါတယ်။
ဒါ့အပြင် မြေပြင်မှာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ရှိနေရင်လည်း မိမိအကောင့်အစစ်နဲ့ နာမည်အစစ်တွေကို အသုံးမပြုဘဲ ယုံကြည်စိတ်ချရတဲ့ တခြားသူတွေ သို့မဟုတ် မီဒီယာတွေကတဆင့် အချက်အလက်ပေးပို့ ဖော်ထုတ်တာမျိုးနဲ့ မိမိကိုယ်ကိုယ် အရင်ဆုံး စနစ်တကျ ကာကွယ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။










