
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက် စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ဧပြီ ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အခုအခါ ရွှေရောင်ပြ ကျေးရွာအုပ်စုထဲကို ခြေမြန်တပ်ရင်း ၉ နဲ့ အမြှောက်တပ်တို့က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက်ကြောင့် မရမ်းကုန်းလေးကျေးရွာသား ၁ ဦး ဒဏ်ရာရရှိထားပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာတော့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုနဲ့ ဖာသိမ်ကျေးရွာတွေမှာ နှစ်ဖက်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲဟာ ဧပြီ ၂၃ ရက်နေ့က မနက် ၈ နာရီလောက်က သထုံမြို့နယ် ပဒိန်ရိုးကျေးရွာအုပ်စု ပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထောက်ခံပွဲကို KNU က လုံခြုံရေးယူပေးခဲ့ရာ အကြမ်းဖက်စစ်တပ်က ဖြိုခွင်းဖို့ လာရောက်စဉ် သထုံမြို့နယ် ကျိုက္ကော်ကျေးရွာမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် စစ်တပ်ဘက်က ၃ ယောက် ကျပြီး ၁ ဦး ဒဏ်ရာရှိခဲ့တာပါ။
လက်ရှိမှာတော့ ဘီးလင်းတိုက်ပွဲကို အကြမ်းဖက်စစ်တပ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနမှူး ကိုယ်တိုင် တိုက်ရိုက် ကွပ်ကွဲနေတယ်လို့ ဆိုပါတယ်။