
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့သွားမဲ့ မြန်မာလုပ်သားတွေ စီးနင်း လိုက်ပါလာတဲ့ ကားတစီးဟာ ချချိုင်းဆောင်းခရိုင်ထဲမှာ ယာဉ်တိုက်မှုဖြစ်ပွါးပြီး တယောက် သေဆုံး ကာ ယာဉ်မောင်းအပါအဝင် ၈ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြ ပါတယ်။
ဒီကနေ့ ဧပြီ ၂၉ ရက် မနက် ၅ နာရီ ၄၅ မိနစ်လောက်က ချချိန်းဆောင်းခရိုင်၊ ဘန်ပကုန်းမြို့နယ် ထာ့ဆအန့်ရပ်ကွက်အပိုင်းရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်တဲ့ သတင်းရလို့ အရေးပေါ် လူနာတင်ယာဉ်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မြို့နယ်ရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အနက်ရောင် ဟိုင်းလပ်စ်ကားတစီးဟာ အရှေ့က ၂၂ ဘီးကားကို အရှိန်နဲ့ ဝင်တိုက်ထားတာကြောင့် ကားခေါင်းတခုလုံး ကြေမွပျက်စီးနေပြီး နောက်က ခေါင်မိုးမှာလည်း ပြုတ်ထွက်သွားတဲ့ အနေအထားတွေ့ရတယ်လို့ဆိုပါတယ်။
ဟိုင်းလပ်စ်ကားထဲက အမျိုးသား တယောက်ပွဲချင်းပြီး သေဆုံးပြီး ယာဉ်မောင်း ထိုင်းအမျိုးသား တယောက်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇ ယောက် စုစုပေါင်း ၈ ယောက်တို့ ထိခိုက်ဒဏ်ရာ ရထားတယ်၊ သူတို့ကို ကျူလာရတ်-၁၁ ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၅ နှစ်ရွယ်ရှိ မြန်မာအလုပ်သမား မြဦး ဖြစ်ပြီး ၂၂ ဘီးကုန်တင်ကားမောင်းသူ နိုင်းချုတိဖုန်းရဲ့ ပြောကြားချက်အရ သူဟာ လမ်းရဲ့ ဘယ်ဘက်ကြော ကနေ ပုံမှန်မောင်းနှင်စဉ် အတိုက်ခံရတဲ့ အသံကြားတာကြောင့် ကားရပ်ပြီး အောက်ဆင်းကြည့်တာ မှာ သူ့ကားရဲ့အနောက်ပိုင်းကို အဆိုပါဟိုင်းလပ်စ်ကားက အရှိန်နဲ့ ဝင်တိုက်တာလို့ ပြောပါတယ်။
ဟိုင်းလပ်စ်ကားမောင်းသူ နိုင်းဆုမ်ဆဒ်ကသူဟာ ဘန်ကောက်မှာ ပတ်စပို့ စာအုပ်သက်တမ်းတိုးမဲ့ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာခဲ့တယ်၊ အခင်းဖြစ်တဲ့နေရာရောက်တော့ အိပ်ငိုက်ပြီး လမ်းဘယ်ဘက်မှာမောင်းနေတဲ့ကုန်တင်ကားကြီးကို အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်မိတာကြောင့် ခုလို ထိခိုက်ဒဏ်ရာရသွားကြတာလို့ ဖွင့်ဟဝန်ခံသွားပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း တာ့ခ်ခရိုင်ထဲမှာ ယာဉ်မောင်းက အိပ်ငိုက်ပြီး လမ်းဘေးမှာရပ်ထားတဲ့ ကုန်တင်ကားကြီးကို အနောက်ကနေ အရှိန်နဲ့ဝင်တိုက်တာကြောင့် မြန်မာနိုင်ငံသားတွေအပါအဝင် ၅ ယောက် ပွဲချင်းပြီးသေဆုံးပြီး ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
Source: Workpoint News










