
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တောင်ပြုံးကြီးရွာမှာ ကျင်းပနေတဲ့ တောင်ပြုံး မင်းနှစ်ပါးပွဲကို သွားတဲ့သူတွေ များတာကြောင့် လမ်းပိတ်တဲ့အထိ အခြေအနေဆိုးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မတ္တရာမြို့နယ်က တောင်ပြုံးကြီးရွာမှာ အနော်ရထာမင်း တည်ခဲ့တယ်ဆိုတဲ့ ဆုတောင်းပြည့်-ဆုတောင်းရ ဘုရားဆွမ်းလောင်းပွဲနဲ့ တောင်ပြုံးမင်းညီနောင် နတ်ပွဲကို ဩဂုတ် ၂၁ ရက်ကနေ ၂၈ ရက်အထိ တပတ်တာ ကျင်းပနေတာပါ။
ပြီးခဲ့တဲ့ ကိုဗစ်ကာလနဲ့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ကနဦးနှစ်တွေက ပွဲတော်ကျင်းပတာကို ရပ်နားထားခဲ့ပေမဲ့ အခုနှစ်မှာ မြန်မာပြည်တွင်းက မိန်းကလေးတွေ သည်းသည်းလှုပ်ကြိုက်ကြတဲ့ စမ်းရေမိုးဇာတ်ပါ ထည့်သွင်းပြီး ကျင်းပနေတာကြောင့် အရင်နှစ်တွေကထက် လူသွားလူလာ ပိုများနေတယ်လို့ မတ္တရာမြို့ခံတယောက်က ပြောပါတယ်။
“မန္တလေး-မတ္တရာ-မိုးကုတ် ကားလမ်းက အခု နေ့နေ့ ညည ပိတ်နေတာ။ ကားတန်းကြီးက နည်းတာမဟုတ်ဘူး။ စမ်းရေမိုးပွဲပါတယ်။ အရင်နှစ်တွေကထက်ကို သွားကြတယ်။”
မတ္တရာမြို့နယ်ဟာ ပြီးခဲ့တဲ့နှစ်တွက မန္တလေး PDF တွေ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မြို့နယ်ဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားတဲ့အပြင် စစ်အာဏာရှင်တပ်က လက်သပ်မွေးထားတဲ့ ပျူစောထီးတွေ ကြီးစိုးနေတဲ့နေရာလည်း ဖြစ်ပါတယ်။
အခုနှစ် ကျင်းပနတဲ့ တောင်ပြုံးပွဲတော်မှာလည်း ပျူစောထီးတွေက ဂိတ်ဖွင့်ပြီး ပွဲတော်လာသူတွဆီက ဂိတ်ကြေးနဲ့ ယာဉ်ရပ်နားခတွ အဆမတန် တောင်းနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေနဲ့ မန္တလေးအခြေစိုက် သတင်းဌာနတခုက ဖော်ပြပါတယ်။
ဒေသခံတွရဲ့အဆိုအရ တောင်ပြုံးပွဲလာသူတွေအနေနဲ့ ပျူစောထီးတွေကို ဂိတ်ကြေး ၈,၀၀၀ ကျပ်နဲ့ ယာဉ်ရပ်နားခ ၃၀,၀၀၀ ကျပ် ပေးရတယ်လို့ သိရပါတယ်။
တောင်ပြုံးပွဲဟာ မြန်မာပြည်မှာ လူသိများပြီး ထင်ရှားတဲ့ ပွဲတော်တွေထဲက တခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်ကနေ လပြည့်နေ့အထိ ကျင်းပတဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။











