
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာအနီး စက်ရုံ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းနဲ့ ကေအိုင်အေ တပ်မတော်တို့ ဧပြီ ၂၀ ရက် ည ၈ နာရီလောက်မှာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။
“တိုက်ပွဲအနေအထားကတော့ သေနတ်တွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတာ၊ အခုတော့ ငြိမ်သွားပါပြီ။ ဖားကန့်မြို့နယ်ထဲက စစ်စခန်းရဲစခန်းတွေနဲ့ နီးတဲ့အိမ်တွေက မနေရဲကြလို့ ရှောင်တိမ်းနေကြရတယ်။ ခုတလော နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတော့ လုပ်ကိုင်စားရတာ မလွယ်တော့ဘူး။ တချို့တော်တော်များများ အောက်ပိုင်း ပြန်ကုန်ကြတယ်” လို့ ဖားကန့်ကို တခြားဒေသက လာရောက်နေထိုင်သူတဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဖားကန့်နဲ့ တနိုင်းဒေသဘက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကြား မကြာခဏထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး တပ်စခန်းတချို့ကို ကေအိုင်အေက သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။