
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်တဲ့ ဒဏ်ကို ပြည်သူလူထုက ခံစားနေရပြီး စစ်အဏာရှင် မင်းအောင်လှိုင်ကိုယ်တိုင်က ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ သူ့အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ ဝန်ခံ ပြောကြား လိုက်ပါတယ်။
ဇူလိုင် ၇ ရက်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်အစိုးရ အစည်းအဝေးမှာ ကုန်ဈေးနှုန်းကြီးမြင့်ရတာဟာ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတတာ၊ ငွေကြေးတန်ဖိုး ကျဆင်းတာနဲ့ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားတာတွေကြောင့်လို့ ဖြစ်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့ကတော့ နိုင်ငံရေးမတည်ငြိမ်တာ၊ လုံခြုံရေး အခြေအနေကြောင့် ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ထိခိုက်တာ၊ ငွေကြေးနဲ့ စီးပွားရေးမူဝါဒဆိုင်ရာ အားနည်းချက်တွေဟာလည်း ကုန်ဈေးနှုန်း မြင့်တက်စေတဲ့ အရေးကြီးတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်တယ်လို့ သုံးသပ်ထားကြပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကိန်းဂဏန်းတွေကို ယှဉ်ကြည့်ရင် ၂၀၂၀ ပြည့်နှစ်က ၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ လက်ရှိ ၂၀၂၆ ခုနှစ်မှာ ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က အမေရိကန် တဒေါ်လာကို ၁,၃၃၀ ကျပ် ကနေ လက်ရှိမှာ ၄,၃၀၀ ကျပ် ဝန်းကျင်အထိ ရောက်ရှိနေပြီး အာဏာမသိမ်းခင် ကျပ် ၁၀ သိန်းဝန်ကျင်သာ ရှိခဲ့တဲ့ အခေါက်ရွှေ တကျပ်သားဟာလည်း ကျပ် ၉၇ သိန်း ဝန်းကျင်အထိ မြင့်တက်နေပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၂၀၂၀ ပြည့်နှစ်တုန်းက ငွေကျပ် ၆၀,၀၀၀ ဝန်းကျင်သာ ရှိရာကနေ လက်ရှိမှာ ကျပ် ၂ သိန်းခွဲ ကျော်၊ စားအုန်းဆီ တပိဿာကို ကျပ် ၁,၈၀၀ ဝန်းကျင်ကနေ လက်ရှိမှာ ရည်ညွှန်းဈေး ကျပ် ၇,၀၀၀ အပြင် ၊ ပြင်ပလက်လီ ဈေး ကျပ် ၁၅၀၀၀ အထိ မြင့်တက်နေပါတယ်။ တခြား မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေလည်း အဆမတန် ဈေးတက်နေတာပါ။
လုံခြုံရေးအခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ အပြည့်အဝ မလုပ်နိုင်ဘူးလို့ သူက ဝန်ခံထားပြီး နိုင်ငံ့စီးပွားရေး ထိခိုက်ရတာကို တရားမဝင် ကုန်သွယ်မှုတွေလုပ်နေတဲ့ ဝိသမလောဘသမားတွေ ဈေးကွက်ကစားလို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံခြားငွေ ယိုစိမ့်မှု အများဆုံးဖြစ်နေတဲ့ စက်သုံးဆီတင်သွင်းမှုကို လျှော့ချဖို့အတွက် နေရောင်ခြည်စွမ်းအင်၊ ပြည်တွင်းထွက် ကျောက်မီးသွေးနဲ့ ဘက်ထရီသုံး ရထားစက်ခေါင်းတွေကို အစားထိုးသုံးစွဲဖို့ သူက အစည်းအဝေးမှာ အကြံပြုထားတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ စက်သုံးဆီအစား ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံတွေ တည်ဆောက်ဖို့နဲ့ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြောဆိုခဲ့သလို၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာလည်း စက်သုံးဆီသုံးစွဲမှု လျော့ကျစေဖို့ အများပြည်သူသုံး မီးရထားပြေးဆွဲမှုတွေ တိုးချဲ့ပြီး ဘက်ထရီစနစ်သုံး ရထားစက်ခေါင်းတွေ တပ်ဆင်အသုံးပြုဖို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တဖက်မှာလည်း စက်သုံးဆီသုံးစွဲမှုကို ကန့်သတ်နေပြီး မော်တော်ယာဉ်တွေကို စုံမ ခွဲပြီး မောင်းနှင်စေတာ၊ စုံမခွဲပြီး ခွဲတမ်းနဲ့ စက်သုံးဆီရောင်းချပေးတာဆောင်ရွက်နေသလို အဲဒီအစီအမံတွေကြောင့် တရက် ဒေါ်လာ ၆ သန်းနှုန်းနဲ့ တနှစ်ကို ဒေါ်လာ သန်း ၂,၀၀၀ လောက် လျှော့ချနိုင်မှာလို့ စစ်အာဏာရှင်က ဆိုထားပါတယ်။










