ဂျပန် မိုးလေဝသအေဂျင်စီက ဖှုခုအီစီရင်စုက မြို့ ၃ မြို့အတွက် အရေးပေါ်မိုးရွာသွန်းမှု သတိပေးချက်တွေကို သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ အများပြည်သူပိုင်ရုပ်သံ NHK က သတင်းထုတ်ပါတယ်။
မြေပြိုမှုနဲ့ ရေကြီးရေလျှံနေတဲ့ လမ်းတွေပေါ်မှာ ယာဉ်တွေ ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အရေးပေါ် ဘေးကင်းရေး အစီအမံတွေ လုပ်ဆောင်ဖို့ လူပေါင်း ၄၀၀,၀၀၀ လောက်ကို တိုက်တွန်းထားပါတယ်။
မိုးသည်းမှုအတွက် အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၅ သတိပေးချက်ကို ဖှုခုအီ၊ အိုနိုနဲ့ ကတ်ဆုယာမာမြို့တွေအတွက် ထုတ်ပြန်ခဲ့ပြီး ဘေးအန္တရာယ်တခု ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် နီးကပ်လာနေပြီ ဆိုတာကို ဖော်ပြနေပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီက နောက်ပိုင်းမှာ အဆင့် ၄ ကို လျှော့ချခဲ့ပေမဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့သင့်တယ်လို့ ပြောနေဆဲပါ။ ဒေသခံတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
တနင်္ဂနွေနေ့မနက်အထိ ၂၄ နာရီအတွင်း ကတ်ဆုယာမာမြို့မှာ မိုးရေချိန် ၁၄ ဒသမ ၆ လက်မနဲ့ ဖှုခုအီမြို့မှာ မိုးရေချိန် ၁၃ ဒသမ ၄လက်မထိ မှတ်တမ်းတင်ခဲ့တယ်လို့ ဂျပန်ရုပ်သံ NTV က ကြေညာပါတယ်။
“ကျနော်တို့ အရင်က ကြုံတွေ့ခဲ့ရတဲ့ ဘာနဲ့မှ မတူဘဲ မိုးရွာသွန်းမှုကို ကြုံတွေ့နေရတယ်”လို့ အေဂျင်စီရဲ့ လေထုနဲ့ သမုဒ္ဒရာဌာန ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။
ဒီကိန်းဂဏန်းတွေက စံချိန်တင်ခဲ့ပြီး မြေပြိုတာတွေ၊ မြစ်ရေလျှံတာ တွေနဲ့ အိမ်တွေ ရေမြုပ်တာတွေကို တွေ့ခဲ့ရတယ်လို့ NHK World သတင်းဌာနက ဖော်ပြပါတယ်။
မိုးသည်းလို့ အိမ်တွေနဲ့ လမ်းတွေ ရေလွှမ်းမိုးခံခဲ့ရပြီး မြစ်တွေ ရေလျှံခဲ့ပါတယ်။ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ နေရာလွတ်တွေ ပိုရအောင် ဆာကာအီမှာရှိတဲ့ ရေကာတာကနေ ရေလွှတ်ချတဲ့ အရေးပေါ်ခြေလှမ်းကို လုပ်ဆောင်နိုင်ပါတယ်။
ဒေသခံ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဂျပန်တိုင်းမ်စ်သတင်းစာက ဖော်ပြပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီက မြူနီစီပါယ် ၅ ခုအတွက် အမြင့်ဆုံးအဆင့် ၅ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ NHK World သတင်းဌာနက ပြောပါတယ်။
လူပေါင်း ၁၈၀,၀၀၀ လောက်ကို ဘေးကင်းရေးအစီအမံတွေ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတယ်လို့ Kyodo News သတင်းဌာနက ဆိုထားပါတယ်။
Source: Reuters











