
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အရှေ့ညောင်ဝန်းရွာမှာ ဧပြီ ၁၆ ရက် ည ၁၀ နာရီလောက်က မသန်စွမ်းအမျိုးသမီးတယောက်ကို ပျူစောထီးအဖွဲ့ဝင်တယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကေလာရွာနေ ပျူစောထီးအဖွဲ့ဝင် အယ်ပြားက အရှေ့ညောင်ဝန်းရွာရှိ ဦးဇော်မင်းရဲ့ နေအိမ်ကို လာရောက်စဉ် သေနတ်နဲ့ပစ်ခတ်ခဲ့လို့ နေအိမ်အတွင်းရှိ မသန်စွမ်းအမျိုးသမီးတယောက်ရဲ့ ဘယ်ဘက်ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သေနတ်နဲ့ပစ်ခံရလို့ မသန်စွမ်းအမျိုးသမီး ဘယ်ဘက်ပေါင်မှာ ကျည်ထိမှန်သွားတယ်။ ဘာအကြောင်းနဲ့ သေနတ်ပစ်ခတ်ခံရတယ် ဆိုတော့ သေချာမသိဘူး။ ရွာထဲမှာ အမျိုးမျိုး ပြောနေကြတယ်။”
ဒဏ်ရာရ အမျိုးသမီးကို နီးစပ်ရာဆေးရုံမှာ အရေးပေါ်ကုသမှုပေးခဲ့ပြီးနောက် တောင်ကြီးမြို့ရှိ ဆေးရုံတခုသို့ လွှဲပြောင်းကာ ဆက်လက်ကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာအခြေအနေမှာ အသက်အန္တရာယ်မရှိပေမယ့် ဆေးကုသမှု ဆက်လက်လိုအပ်နေသေးတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သေနတ်ပစ်ခတ်သူ ပျူစောထီးအဖွဲ့ဝင် အယ်ပြားဘက်က တာဝန်ယူခြင်း မရှိသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ပစ်ခတ်သူကို ဒီနေ့အချိန်ထိ အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။
ဒေသခံတယောက်က “ရွာထဲမှာ လုံခြုံရေးမရှိတော့သလို ဖြစ်နေပြီး ပြည်သူတွေ အမြဲတမ်း စိုးရိမ်ကြောက်ရွံ့နေရပါတယ်။ အခုလို မသန်စွမ်းသူတဦးတောင် ပစ်ခတ်ခံရတာက ပိုပြီး စိုးရိမ်စရာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အင်းလေးဒေသမှာ ပျူစောထီးအဖွဲ့ဝင်တွေက ပြည်သူတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်၊ ငွေညှစ်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










