DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး မြင့်တက်နေသဖြင့် ကရင်နီစစ်ရှောင်များ အာဟာရပြတ်မည့်အန္တရာယ် ရင်ဆိုင်နေရ
DVB
·
April 23, 2026
ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတခု။ Photo : DVB
ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတခု။ Photo : DVB
Donate to DVB

အလှမ်းဝေးလှတဲ့ အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာ့စက်သုံးဆီဈေးတွေ တက်လာတာဟာ တောတောင်တွေထဲက စစ်ရှောင်တွေရဲ့ ထမင်းဝိုင်းအထိ လာပြီး ရိုက်ခတ် နေပါတယ်။

အရှေ့အလယ်ပိုင်းက စစ်ပွဲဂယက်ဟာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင် စခန်းတွေဆီကို အသံတိတ် ခြိမ်းခြောက်မှုတခုအဖြစ် ရောက်လာပါတယ်။

စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမြင့်လာပြီး စခန်းတွေဆီလာမဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေဟာ အရင်ကထက် ထက်ဝက် ကျော်လောက်အထိ လျော့ကျသွားပါတယ်။

အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိတဲ့ စစ်ရှောင် ၈၀,၀၀၀ ကျော်အတွက်ကတော့ အသားဟင်း စားရဖို့ ဆိုတာ အလှမ်းဝေးလာနေပါတယ်။

ဒီးမော့ဆို စစ်ရှောင်စခန်း တာဝန်ခံက “ကလေးငယ်တွေ သူတို့က ဖြစ်သလို စားနေရတယ်။ အမဲသားတို့ ကြက်သားတို့ စားချင်ရင်တောင် မဝယ်စားနိုင်တဲ့ အခြေအနေပေါ့။ နှစ်ပတ်တခါတောင် တခါမှ မစားဖြစ်၊ အသားဟင်းမစားရတဲ့ ကလေးတွေ သက်ကြီးရွယ်အိုတွေ အဲလိုတော့ ရှိတာပေါ့။ စားချင်တာပေါ့၊ ဒါပေမဲ့ မဝယ်စားနိုင်ဘူး။ ဝယ်စားဖို့ရှိရင်တောင် ဆန်ဝယ်စားရမယ်၊ ဆီ ဝယ်စား ရမယ်၊ ကလေးတွေပညာရေးအတွက် နည်းနည်းပါးပါး မုန့်ဖိုးတွေ၊ နောက် သူတို့ နေ့တိုင်း မုန့်တွေ တောင်းစားတယ်၊ တခြား ဦးစားပေးရမဲ့ နေရာတွေ၊ ရေဆိုလည်း သယ်ရဝေးတော့ ရေဆိုလည်း တစည်ကို တသောင်းခွဲ(ကျပ်)၊ အဲဒီလောက် အဲလိုတွေရှိတော့ တခြားဦးစားပေးရမဲ့ဟာတွေ များတော့ အသားဟင်းဘက်ကို မလှည့်နိုင်ဘူးပေါ့” လို့ ပြောပါတယ်။

ဒါပေမဲ့ သူတို့တွေဟာ အလှူရှင်တွေကိုချည်း ထိုင်စောင့်နေကြတာတော့ မဟုတ်ပါဘူး။ အခွင့်အရေး ရရင် ရသလို ကိုယ့်လယ်ယာမြေဆီ ပြန်ပြီး စိုက်ပျိုးဖို့ ကြိုးစားကြပါတယ်။

ဒါပေမဲ့လည်း အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်မှုတွေက လယ်ကွင်းတွေထဲအထိ အရိပ်မည်း ထိုးကျ နေဆဲပါ။

ရိတ်သိမ်းချိန်ရောက်ရင်တောင် အပြည့်အဝ မရိတ်နိုင်ဘဲ စွန့်ပစ်ခဲ့ရတာတွေ ရှိသလို စပါးရိတ်ရင်းနဲ့ အသက်ပေးလိုက်ရတဲ့ သူတွေလည်း ရှိပါတယ်။

ဒီးမော့ဆို စစ်ရှောင်စခန်းတာဝန်ခံက “ကျမတို့ရွာနားက လယ်မှာတော့ လယ်နည်းနည်း ပြန်လုပ်ကြတယ်။ ဒါပေမဲ့ ရိတ်တဲ့အချိန် ရောက်တဲ့အခါကျတော့ စစ်တပ်က ကျမတို့ရွာမှာ လာနေ စခန်းချနေတဲ့အတွက်လေ ဒရုန်းတွေနဲ့ လိုက်ပြီး ကြည့်ပြီးတော့မှ ဒရုန်းတွေနဲ့လိုက်ပြီး ပစ်နေတဲ့အချိန်မှာ ကျမတို့က ဒရုန်းလာရင် ရှောင်ပြေးနေလိုက်၊ တချို့ တအားကို စစ်တပ်ဘက်နဲ့ နီးတဲ့အကွက်တွေဆို ဧကလိုက် ချန်ထားတာတို့ အဲလိုတော့ရှိတယ်။ တချို့ကျတော့ တချို့တဝက် ချန်ထားတယ်။ နောက် ကျန်တဲ့ နည်းနည်း အဟောင်းတွေကို စားတဲ့အဖွဲ့လည်း ရှိတယ်။ ပြီးတော့မှ တချို့က ဝက်မွေးကြပြီးတော့မှ ရတဲ့ပိုက်ဆံနည်းနည်းကိုပဲ ဆန်ဝယ်စား သို့မဟုတ် အမျိုးတွေဆီမှာ ချေးစား အဲလိုပဲ လည်ပတ်နေရတာပေါ့” လို့ ပြောပါတယ်။

ကိုယ်တိုင်စိုက်ပျိုးဖို့ကလည်း ခက်ခဲ၊ ရှိတဲ့ငွေလေးကလည်း ဆန်နဲ့ ရေဖိုးလောက်ပဲ လောက်င တော့ တဲ့အခါ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့တဲ့ လက္ခဏာ တွေ စတင် ပြသလာပါတယ်။ အချိုဓာတ် ချို့တဲ့တာ၊ အာဟာရ မပြည့်ဝလို့ ပိန်လှီလာတာတွေကို မြေပြင်မှာ ဆေးကုသပေးနေတဲ့ ဆရာဝန်တွေက နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။

ဆရာဝန်တယောက်က “အာဟာရအုပ်စု သုံးအုပ်စုကလည်း မပြည့်စုံဘူး၊ နောက်တခုကလည်း အစားအသောက်ကလည်း ရွေးချယ်ပိုင်ခွင့်မရှိနေတဲ့ အခြေအနေမှာပေါ့၊ ဒီလိုအခြေအနေသာ ရေရှည်ဖြစ်နေတယ် ဆိုရင်တော့ အာဟာရ ပြင်းပြင်းထန်ထန် ချို့တဲ့ပြီးတော့ အသက် ဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်တယ်။ နောက်တခုက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများ ကျန်းမာဖွံ့ဖြိုးမှု တွေမှာတော့ အတော့်ကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ ဥပမာ ကိုယ်ဝန်သည်ပေါ့၊ ကိုယ်ဝန်သည်,သည် အာဟာရ ပြည့်ပြည့်ဝဝမစားရဘူး၊ အာဟာရချို့တဲ့တယ်ဆိုရင် သူ့ရဲ့ ဗိုက်ထဲမှာရှိတဲ့ ကလေးလေးကလည်း အာဟာရ ပြည့်ပြည့်စုံစုံမရနိုင်ဘူး။ ဒါကြောင့်မို့လို့ လမစေ့ ဘဲနဲ့ မွေးတဲ့ကိစ္စတွေ၊ ကလေးအသေမွေးတဲ့ကိစ္စတွေ၊ မွေးလာတဲ့ ကလေးလေး ပေါင်မပြည့်ပေါ့နော် မွေးတာတွေ ရှိနေနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီလို အာဟာရချို့တဲ့မှု ပြဿနာတွေကို အချိန်မီ မဖြေရှင်းနိုင်ဘူးဆိုရင် အနာဂတ် မျိုးဆက်သစ်တွေ ရဲ့ ဉာဏ်ရည်နဲ့ ဖွံ့ဖြိုးမှုတွေဟာ အကြီးအကျယ် ထိခိုက်သွားနိုင်ပါတယ်။

လက်ရှိမှာတော့ တောတောင်တွေထဲက စစ်ရှောင်စခန်းတွေမှာ အာဟာရပြည့်ဝတဲ့ ထမင်းတနပ် ထက် အသက်ဆက်ရှင်သန်နိုင်ဖို့ ဆန်နဲ့ ဆားကိုသာ အားကိုးနေရတဲ့ စိတ်မကောင်းစရာ မြင်ကွင်း တွေက ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

မောရစ်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013