
ကရင်နီပြည်နယ်၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ထားလဲ၊ ပရယ်တော်နဲ့ ဖူးကရားခူ စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆယ်သဲဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုနဲ့ ကျောင်းတကျောင်းကို ကျပ်သိန်း ၃၀ နီးပါး အကုန်အကျခံပြီး အရေးပေါ် စာသင်ကျောင်း ၃ ကျောင်းကို တည်ဆောက် ဖွင့်လှစ်ပေးထားတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ဒီကျောင်းတွေမှာ စစ်ဘေးရှောင် ကလေးငယ်တွေ အပါအဝင် ရွာခံကလေးငယ်တွေပါ အလယ်တန်း အဆင့် (Grade 8 / Grade 9) အထိ ပညာသင်ကြားနိုင်အောင် စီစဉ်ပေးထားတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်ကတည်းက ကျောင်းတွေကို ပုံမှန် ဖွင့်လှစ်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိ ကလေးအယောက် ၁၀၀ ကျော်ကို ဆရာ၊ ဆရာမ အယောက် ၂၀ ကျော်နဲ့ သင်ကြားပေးနိုင်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ်တွေအတွက် လိုအပ်တဲ့ ဗလာစာအုပ်၊ ခဲတံနဲ့ သင်ထောက်ကူပစ္စည်းတွေကိုတော့ နယ်စပ်ဒေသအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ထောက်ပံ့ဝေငှပေးနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို သင်ထောက်ကူပစ္စည်းတွေ သယ်ယူတဲ့ လမ်းကြောင်းမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်က ကျောင်းသုံးပစ္စည်းတွေ သယ်ယူစဉ် စစ်တပ်က ဒရုန်းနဲ့ ထောက်လှမ်းပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် ပစ္စည်းသယ်ယူရာမှာ လုံခြုံရေးယူပေးတဲ့ တော်လှန်ရေးရဲဘော်တယောက် ကျဆုံးခဲ့ပါတယ်။
ဒေသခံတယောက်က “ဒီးမော့ဆို အရှေ့ခြမ်း၊ ဖရူဆို အရှေ့ခြမ်း အားလုံး ကျောင်းသုံးပစ္စည်းတွေကို ၁၅ ရက်နေ့မှာ သယ်ကြတာပေါ့နော်။ ကျနော်တို့ ပစ္စည်းသယ်တဲ့လူက တဖက်ကို ၅၀ စီ နှစ်ဖက်သွားတာ၊ အဲဒါအပြင် လုံခြုံရေးကလည်း ၄၀ ဆိုတော့ ဒရုန်းနဲ့ ထောက်မိသွားတာ။ အဲဒီမှာ ပစ္စည်းသယ်ရင်းနဲ့ ရဲဘော်တဦး ကျသွားတယ်။ ဒရုန်းကော လက်နက်ကြီးတွေ တောက်လျှောက် ပစ်တာပါ” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု အန္တရာယ်တွေ သာလွန်နေတာကြောင့် စစ်ဘေးရှောင် ကျောင်းတွေမှာ ကလေးငယ်တွေကို အချက်ပြသံကြားတာနဲ့ ဗုံးခိုကျင်းထဲ ဘယ်လို စနစ်တကျ ပြေးလွှား ပုန်းခိုရမလဲ ဆိုတဲ့ လေကြောင်းရန် ကာကွယ်ရေး လက်တွေ့ လေ့ကျင့်မှုတွေကိုပါ တလတကြိမ် ပုံမှန် လေ့ကျင့်ပေးနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်နယ်အတွင်း မြေပြင် စစ်ရေး တင်းမာနေပေမဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် အရေးပေါ် စာသင်ကျောင်းတွေကို ဆက်လက် လည်ပတ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ပွဲ အဟန့်အတားနဲ့ ဘေးအန္တရာယ်တွေကြားကပဲ ကရင်နီစစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ပညာရေး ဆက်လက် လည်ပတ်နိုင်ဖို့အတွက် ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက အစိုးရ မဟုတ်တဲ့ ကျောင်းစနစ်ပုံစံနဲ့ ကြိုးပမ်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
မောရစ်










