
ပြီးခဲ့တဲ့ ၃ လက ဈေးနှုန်းနဲ့ယှဉ်ရင် စက်သုံးဆီဈေးဟာ ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းလာပေမဲ့ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ တခြားကုန်ဈေးနှုန်းတွေကတော့ သိသိသာသာ ကျမလာပါဘူး။
စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဇူလိုင် ၁၀ ရက် ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းအရ ရန်ကုန်မြို့မှာ အောက်တိန်း ၉၂ တလီတာကို ၃,၂၅၀ ကျပ်၊ အောက်တိန်း ၉၅ တလီတာ ၃,၃၁၀ ကျပ်၊ ဒီဇယ်တလီတာ ၃,၀၉၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃,၇၉၀ ကျပ် ရှိနေပါတယ်။
အဲဒီဈေးနှုန်းတွေဟာ ဧပြီလအတွင်း စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် အောက်တိန်း ၉၂ ဈေးဟာ ၃၁ ရာခိုင်နှုန်းကျော်၊ အောက်တိန်း ၉၅ နဲ့ ဒီဇယ်ဈေးက ၃၃ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းလာပြီး ပရီမီယံဒီဇယ်ဈေးကတော့ ထက်ဝက်ကျော် လျော့ကျ လာခဲ့တာပါ။
ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေ ၃ လနီးပါး ဆက်တိုက် ကျဆင်းလာပေမဲ့ ကုန်စည် သယ်ယူ ပို့ဆောင်ရေးစရိတ်နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကတော့ သိသိသာသာ လျော့ကျလာ တာ မတွေ့ရပါဘူး။
စစ်အာဏာရှင်လက်အောက်ခံ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနကတော့ ဒီဇယ်ဆီ၊ ဓာတ်မြေဩဇာနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုတွေအပေါ် ကောက်ခံတဲ့ အခွန်ကင်းလွတ်ခွင့်ကို ဇူလိုင် ၃၁ ရက်အထိ ၁ လ ထပ်မံတိုးမြှင့်ထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မတည်ငြိမ်သေးတာကို ထောက်ပြပြီး ပြည်တွင်းကုန်ဈေးနှုန်းနဲ့ လျှပ်စစ်ထုတ်လုပ်မှုကုန်ကျစရိတ်တွေကို ထိန်းညှိနိုင်ရေး အတွက် အခုလို အခွန်ကင်းလွတ်ခွင့် ဆက်လက်ပေးထားတာလို့ ထုတ်ပြန်ထားပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူတချို့ကတော့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းလာပေမဲ့ ကုန်ဈေးနှုန်းတွေ မကျသေးတာဟာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တခုတည်းကြောင့် မဟုတ်ဘဲ သွင်းကုန်ကန့်သတ်ချက်တွေ၊ ကုန်စည်ဖြန့်ဖြူးရေး အခက်အခဲတွေ၊ ပြည်တွင်း ဈေးကွက်မှာ ကုန်စည်ရရှိနိုင်မှုလျော့နည်းနေတာတွေနဲ့လည်း ဆက်စပ်နေတယ်လို့ သုံးသပ်ကြ ပါတယ်။
ရန်ကုန်မြို့နေ စားသုံးသူတယောက်က “စက်သုံးဆီဈေးသာ ဆက်တိုက်ကျနေတာ၊ ဘာကုန် ဈေးနှုန်းမှ ပြန်မကျဘူး။ ကြက်ဥ၊ ဆန်၊ စားဆီနဲ့ သောက်ရေသန့်လို အခြေခံကုန်ပစ္စည်း တွေကအစ ဈေးမြင့်နေဆဲပါ” လို့ DVB ကို ပြောပါတယ်။
သုံးသပ်သူတွေကတော့ သွင်းကုန်ကန့်သတ်မှုတွေ ဆက်လက်တင်းကျပ်နေမယ်ဆိုရင် ပြည်တွင်း ဈေးကွက်မှာ ကုန်စည်ရှားပါးမှု ပိုမိုဆိုးရွားလာနိုင်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ ဖိအား လည်း ဆက်ရှိနေနိုင်တယ်လို့ သတိပေးထားကြပါတယ်။
စစ်ခေါင်းဆောင်ကတော့ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချဖို့ စက်သုံးဆီသုံးစွဲမှုလျှော့ချရမယ်လို့ ပြောထားတာကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခတွေ ပြေလည်ပြီး စက်သုံးဆီ ပုံမှန်အတိုင်း ရရှိလာရင်တောင် စက်သုံးဆီကို ခွဲတမ်းနဲ့ ဆက်ရောင်းနေဖွယ် ရှိနေပါတယ်။
Photo : DVB










