
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ဆက်ဖြစ်နေပြီး ဧပြီ ၁၄ ရက် နေ့လယ်က အလော့ဘွမ်တောင်ကြောဘက်ကို ကျွံဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈ ယောက်ကို ကေအိုင်အေက အရှင်ဖမ်းမိထားပြီး လိုင်ဇာကို ပို့ဖို့ စီစဉ်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ကျော်မိုင်းတွေ နင်းမိလို့ သေဆုံးခဲ့ကာ ကေအိုင်အေ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ကေအိုင်အေဘက်က အတည်ပြုပြောဆိုပါတယ်။
မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော၊ စီဟက်ရွာဘက်မှာလည်း ဧပြီ ၁၄ ရက် ည ၈ နာရီကျော်လောက်က စတင်ကာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
ကေအိုင်အေ သိမ်းမိထားတဲ့ တာဝါတိုင်ကုန်းစခန်းကို ဗန်းမော်ခရိုင်ရှိတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် လက်နက်ကြီးသံတွေ ဆူညံနေပြီး ရွာသားတွေ ဗုံးခိုကျင်းတွေအထဲမှာ ပုန်းခိုနေကြရသလို ရွာထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသံတွေကြားရတယ်လို့ တိုက်ပွဲကြားပြေးလွှား ရှောင်ပုန်းနေကြတဲ့ ဒေသခံတွေက ဆက်သွယ်ပြောကြားခဲ့ပါတယ်။
ဧပြီ ၁၀ ရက်နေ့ကတည်းက ဗန်းမော်-မြစ်ကြီးနားလမ်းတလျှောက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်လောက် စစ်ရှောင်နေကြရပြီး ဗန်းမော်ဒေသရှိ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။
စစ်ဘေးရှောင်တွေအတွက် အရေးပေါ်စောင်နဲ့ ခြင်ထောင်၊ အိုးခွက်ပန်းကန်တွေနဲ့ အခြေခံစားသောက်ကုန်ရိက္ခာတွေ လိုအပ်ချက်များစွာရှိနေပြီး ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေကို မျှော်လင့်နေတယ်လို့ ဒေသတွင်း ဒုက္ခရောက်သူတွေကို ကူညီဆောင်ရွက်ပေးနေကြတဲ့ တာဝန်ရှိသူအချို့က ပြောပါတယ်။
မိုးမောက်မြို့နယ်အတွင်း ခုရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် ဒေသခံရွာသား ၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရပါတယ်။ ဒဏ်ရာရှိသူ ၅ ယောက်ရှိပြီး ကျေးရွာတွေမှာ အိမ်ခြေတော်တော်များများ လက်နက်ကြီးတွေကျလို့ ပျက်စီးခဲ့ရကာ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မိုးမောက်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီဒေသဟာ ရှမ်းမျိုးနွယ်စုတွေ အများစု နေထိုင်ပြီး ကျေးရွာ ၂၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။