DVB Logo
Home
မြန်မာသတင်း
“စစ်တက္ကသိုလ်တက်ခဲ့မိတာမှားတယ်” CDM ဗိုလ်ကြီးလင်းထက်အောင်
DVB
·
April 13, 2021
“စစ်တက္ကသိုလ်တက်ခဲ့မိတာမှားတယ်” CDM ဗိုလ်ကြီးလင်းထက်အောင်
Donate to DVB

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့စစ်တပ်ဟာ ပြည်သူရွေး ကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ နိုင်ငံတော် အာဏာကို  ဥပဒေချိုးဖောက်ပြီး အဓမ္မ သိမ်းယူခဲ့တာ ခုဆိုရင် ရက်ပေါင်း ၇၀ကျော်ပါပြီ။

ရက်ပေါင်းကြာလာတာနဲ့အမျှ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်နေကြတဲ့ပြည်သူတွေကိုလည်း စစ်ကောင်စီရဲ့တပ်တွေက ရက်ရက်စက်စက်သတ်ဖြတ်နေရတဲ့ အခြေအနေမှာ တပ်ဘက်က အရာရှိ၊ တပ်သားတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမှာ ပါဝင်လာကြပါတယ်။

လတ်တလော အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ တပ်ဖွဲ့ဝင်တွေအထဲမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းပျဉ်းမြို့နယ် ၊ ခမရ ၅၂၈က ဗိုလ်ကြီးလင်းထက်အောင် (တပ်ခွဲမှူး-စစ်တက္ကသိုလ်အပတ်စဉ် ၅၄)လည်းတစ်ဦး အပါအဝင်ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကို နှိမ်နင်းရင် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီနှိမ်နင်းရမယ်လို့ နားလည်ထားပြီး အခုလို နှိမ်နင်းတာကို အရင်တုန်းက ကြားဖူးပေမယ့် စစ်ဗိုလ်ဖြစ်ချိန်မှာတော့ ပထမဆုံးကြုံဖူးတာလို့ ဗိုလ်ကြီးလင်းထက်အောင်က ဆိုပါတယ်။

ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ပစ်ဖို့ အမိန့်ကလည်း အပေါ်ကနေ တိုက်ရိုက်လာဖြစ်ပြီး  ဒီဖြစ်စဉ်တွေကြောင့် စစ်တက္ကသိုလ်တက်ခဲ့တာ မှားတယ်လို့ ခံစားရကြောင်း ဗိုလ်ကြီးကပြောပါတယ်။

“ကျနော်တို့ကို  သင်ကြားပေးတဲ့ပညာနဲ့ လက်ရှိလုပ်နေတာနဲ့ဘာမှမဆိုင်ပါဘူး။ ပြည်သူကို သတ်ရမယ်လို့ မသင်ကြားခဲ့ရပါဘူး။ ပြည်သူကို အကြမ်းဖက်နှိမ်နင်းရမယ်လို့လည်း မသင်ကြားခဲ့ရပါဘူး။ (DSAတက်ခဲ့မိတာ နောင်တရလားလို့) အဲ့လိုမေးရင် အဲဒီလိုပဲခံစားနေရပါတယ်”

အာဏာရှင်တွေဟာ အာဏာမက်တဲ့စိတ်နဲ့ အာဏာကို သိမ်းယူခဲ့တာဖြစ်ပြီး မဲမသာမှုဆိုတဲ့ကိစ္စဆိုတာကြောင့်မဟုတ်ဘူးလို့ ဆိုပါတယ်။

ခုလိုအာဏာသိမ်းတာကိုဆန့်ကျင်ပြီး CDMမှာပါဝင်တာကလည်း ပြည်သူ့အာဏာကို ပြည်သူကိုပြန်ပေးချင်လို့ပဲဖြစ်တယ်လို့ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

“မတရားမှုကြီးကို ကျနော်မကြိုက်ဘူး။ မတရားမှုကြီးကို ကျနော်တွန်းလှန်မယ်။ တွန်းလှန်ဖို့ကလည်း ကျနော်တစ်ယောက်တည်းနဲ့မရဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှရမှာဗျ။ ကျနော် တစ်ယောက်တည်းနဲ့မရဘူး။ အဲဒါကြောင့် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ဒီမတရားမှုကြီးကိုတွန်းလှန်မယ်ဆိုတဲ့ရည်ရွယ်ချက်ရယ်။ ဒီမှာ တပ်မတော်သားတွေ တော်တော်များများပါဝင်လိုက်ရင် ဒီအာဏာရှင်စနစ်ကို အပြီးအပြတ်မောင်းထုတ်လိုက်သလို ဖြစ်သွားမှာ။ ဒါကြောင့် တပ်မတော်သားတွေ ရဲရဲဝံ့ဝံ့နဲ့ပါဝင်လာဖို့ရည်ရွယ်ချက်ရယ်။ ဒီအချက်တွေနဲ့ ကျွန်တော် CDMမှာ ပါဝင်လာတာ”

လက်ရှိမှာဆိုရင် တပ်တွင်းမှာ မညီညွတ်မှုတွေ အများကြီးဖြစ်ပေါ်နေပြီး အပြင်မှာပြောနေသလို တပ်ပျက်နေပြီလို့လည်းဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ရဲတပ်ဖွဲ့ဝင်အများအပြားလည်း CDM လှုပ်ရှားမှုမှာ ပြည်သူဘက်က ရပ်တည် ပါဝင်လာကြသလို အခုဆိုရင် တပ်ဘက်က အရာရှိ၊ တပ်သားတွေလည်း တဖြည်းဖြည်း ပူးပေါင်း ပါဝင်လာနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013