
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ အကြော်တန်းလမ်းမှာ မီးလောင်မှုဖြစ်လို့ လူတယောက် သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိကာ ဆိုင်ခန်းအများအပြား မီးလောင် ပျက်စီး ဆုံးရှုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်က အမှတ် ၂ ကွက်၊ အကြော်တန်း လမ်းရှိ ဂတ်အိုးအရောင်းဆိုင်တဆိုင်မှာ မီးလောင်မှုစဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ဂတ်စ်ဆိုင်ဝန်ထမ်းတယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၃ ယောက် ထိုခိုက်ဒဏ်ရာရာခဲ့ကာ ဆိုင်ခန်း ၁၅ ခန်းထက်မနည်းပါ မီးကူးစက်လောင် ကျွမ်းခဲ့ပါတယ်။
ပုသိမ်မြို့ခံက ''မီးလောင်ချိန် လေကလည်း တိုက်နေသလို၊ နေကလည်း အရမ်းပူတော့ မီးလောင်အား ကောင်းသွားတာ။ မီးလောင်မှုဖြစ်တာကလည်း ဂတ်စ်အိုးတွေဆိုင်က စဖြစ်တာ။ ဆိုင်ခန်းတွေ မီးထဲပါသွားတာမနည်းဘူး။ သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေရှိတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးနဲ့ သေဆုံးသူတွေရဲ့ အချက်အလက် အသေးစိတ်ကို သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက "အရမ်းပူပြင်းနေတဲ့အချိန် မီးသုံးစွဲသူတိုင်း စနစ်တကျအသုံးပြုဖို့နဲ့ အခုလို ဂတ်စ်ဆိုင်တွေလည်း အထူးသတိထားဖို့အကြံပြုချင်တယ်။ ပုံမှန်ထက် အပူရှိန်အားကောင်းချိန်မို့ပါ” လို့ပြောပါတယ်။
အဲဒီမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၄ စီးအသုံး ပြုပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာမှာ နေ့လယ် ၃ နာရီ ၄၅ မိနစ်လောက်မှာ လုံးဝမီးငြိမ်းခဲ့ပါတယ်။
ပုသိမ်မြို့မှာ အခုနှစ်ထဲ မီးလောင်မှုကြောင့် လူသေဆုံးတဲ့အထိနဲ့ ဆိုင်ခန်းအများအပြား မီးလောင်ဆုံးရှုံးမှု ဖြစ်တာဟာ ပထမဆုံးအကြိမ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီ ကနေသိရပါတယ်။










