
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အပါအဝင် ဒေသအများစုမှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာပြီး တလီတာကို ကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ သုံးစွဲသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်အတွင်းကစပြီး သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာ တလီတာကို ကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတာလို့ သိရပါတယ်။
အငှားယာဉ်မောင်းတယောက်က “နိုဝင်ဘာလဆန်းပိုင်းကစပြီး စက်သုံးဆီဈေးက တရိပ်ရိပ် တက်လာတာ။ အခုဆို တလီတာကို ကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ ဖြစ်လာပြီ။ ဘယ်ဆိုင်မေးမေး ဒီဈေးပဲ။ လိုသလောက်လည်း ဝယ်လို့မရဘူး။ ဆီဈေးတက်ရတဲ့ အကြောင်းရင်းကို မေးကြည့်တော့လည်း ရေရေရာရာ မရှိဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ အပါအဝင် ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ လပွတ္တာ၊ ဖျာပုံ၊ မြန်အောင်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနဲ့ ကျုံပျော်မြို့နယ်တွေမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတဲ့အပြင် လိုအပ်သလောက် ဝယ်ယူမရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဆီအဝင်နည်းနေတယ်။ အရင်က အကန့်အသတ်နဲ့ ရယူနေရတာကနေ အခု ပိုပြီးလျှော့ယူရတဲ့အထိ ဖြစ်နေတယ်။ စက်သုံးဆီက ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတဲ့ အခြေအနေ ဖြစ်နေတာ။ ဒါကြောင့် စက်သုံးဆီဈေးက မတည်ငြိမ်တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက စက်သုံးဆီ တလီတာကို ကျပ် ၅,၅၀၀ ကနေ ၇,၅၀၀ အထိသာ အမြင့်ဆုံးဈေးပေါက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ဆိုင်ကယ် ကယ်ရီခတွေလည်း ထပ်မံမြင့်တက်လာပြီး စီးနင်းသူ နည်းပါးလာတဲ့အပြင် ဆိုင်ကယ် ကယ်ရီသမားတွေ အပါအဝင် စက်သုံးဆီကို အဓိက အသုံးပြုနေရတဲ့ လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြန်မာ့ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုတွေကြောင့် စက်သုံးဆီ တင်သွင်းရာမှာ အခက်အခဲတွေ ထပ်မံဖြစ်ပေါ်လာတာဖြစ်ပြီး စက်သုံးဆီကို ခွဲတမ်းနဲ့ ရယူကာ ဖြန့်ဖြူးရောင်းချနေတဲ့ လက်လီ၊ လက်ကား ဆိုင်တွေမှာလည်း ဈေးနှုန်းမြှင့်တင် ရောင်းချနေရတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီတင်သွင်းမှုနဲ့ ဖြန့်ဖြူးရောင်းချမှုတွေကို စနစ်တကျ ဆောင်ရွက်တာမရှိဘဲ စက်သုံးဆီ တရားမဝင် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုသိမ်မြို့က စက်သုံးဆီလုပ်ငန်းရှင် ၄ ယောက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။











