DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ပစ်သတ်ခံခဲ့ရသူများ၏ အလောင်းများပြန်ယူခွင့်ရရန် စစ်တပ်ကငွေတောင်းနေဟု CNN ထုတ်လွှင့်
DVB
·
April 12, 2021
ပဲခူးတွင် ပစ်သတ်ခံခဲ့ရသူများ၏ အလောင်းများပြန်ယူခွင့်ရရန် စစ်တပ်ကငွေတောင်းနေဟု CNN ထုတ်လွှင့်
Donate to DVB

ပဲခူးမြို့မှာ ဧပြီ ၉ ရက်နေ့က သွေးစွန်းတဲ့ နှိမ်နင်းမှုအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခံခဲ့ရတဲ့ အလောင်းတွေကို ပြန်ယူဖို့  မြန်မာစစ်တပ်ဟာ မိသားစုတွေဆီက တလောင်းကို အမေရိကန်ဒေါ်လာ ၈၅ ဒေါ်လာနဲ့ ညီမျှတဲ့  ကျပ်ငွေ ၁၂၀,၀၀၀  တောင်းနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားပြီး CNN သတင်းဌာနက ထုတ်လွှင့်ပါတယ်။

ပဲခူးမြို့မှာ ဧပြီ ၉ ရက်နေ့ မနက်အစောပိုင်းကတည်းက သပိတ်စခန်းတွေကို ရဲနဲ့စစ်တပ်က အင်အားသုံး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာမှာ  ပြည်သူ  ၈၂ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က  ထုတ်ပြန်ထားပါတယ်။

သောကြာနေ့က ပဲခူးမြို့မှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်က အာပီဂျီတွေ၊ လက်ပစ်ဗုံးတွေ သုံးပြီး နှိမ်နင်းခဲ့တယ်လို့လည်း  AAPP ကို ကိုးကားပြီး CNN က အစီရင်ခံပါတယ်။

ပစ်ခတ်စီးနင်းမှုကြောင့် ဒေသခံ အများအပြားဟာ အနီးနားက  ရွာတွေဆီ ထွက်ပြေးခဲ့ကြရကြောင်းနဲ့ ပဲခူးမှာ အင်တာနက် ဖြတ်တောက်ထားပြီး ဆန္ဒပြရာမှာ ပါဝင်သူတွေကို လုံခြုံရေးတပ်တွေက ရပ်ကွက်တွေထဲမှာ လိုက်ရှာနေတယ်လို့ လည်း ဆိုပါတယ်။ 

ပစ်ခတ်မှုအပြီး ရင်ခွဲရုံမှာ အလောင်းတွေ ပုံထားတဲ့အကြောင်း၊ သေဆုံးသူတွေရဲ့ အလောင်းတွေကိုပြန်ရဖို့ မိသားစုကို စစ်တပ်က မြန်မာ ကျပ် ၁၂၀၀၀၀ တောင်းတယ်လို့ ပဲခူးတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ လူမှုကွန်ယက်ပေါ်မှာ တင်ပြထားတယ်လို့လည်း CNN က ရေးပါတယ်။

ဒီသတင်းကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာ မရှိသလို စစ်တပ်ဆီက မှတ်ချက် တောင်းဖို့ ဆက်သွယ်လို့ မရဘူးလို့ CNN က ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံပိုင်  Global New Light of Myanmar သတင်းစာထဲမှာတော့ ပဲခူးရဲ့ လမ်းတွေပေါ်မှာ အဓိကရုဏ်း ဆူပူရေးသမားတွေချထားတဲ့ လမ်းပေါ်က အရံအတားတွေကို ဖယ်နေတုန်း လုံခြုံရေးတပ်တွေကို အဓိကရုဏ်း ဆူပူသူတွေက တိုက်ခိုက်ခဲ့တယ်လို့ ရေးသား ဖော်ပြခဲ့တဲ့အကြောင်း CNN က အစီရင်ခံပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ကြက်ခြေနီအသင်းဝင် စေတနာ့ဝန်ထမ်း ဆရာဝန် တယောက်ကို ပဲခူးမှာ ဧပြီ ၂ ရက်က ဖမ်ဆီးထိန်းသိမ်းခဲ့တယ်လို့ ကြက်ခြေနီအသင်းက CNN ကို အတည်ပြုခဲ့ပါတယ်။

ထိန်းသိမ်းခံ ဒေါက်တာနေမျိုးဟာ ပဲခူး ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဖြစ်ပြီး တရားစွဲတော့ မခံရသေးဘူးလို့ ကြက်ခြေနီအသင်းက ပြောပါတယ်။

ဒါ့အပြင် အခမဲ့ဆေးကုပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာ ဝေယံမျိုးလွင်လည်း စစ်တပ်က မနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သူ့မိသားစုက CNN သတင်းဌာနကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံပြည်သူ့အစိုးရကို အကြမ်းဖက်စစ်အုပ်စုအာဏာ စသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ရက်ပေါင်း ၇၀ အကြာ ကျဆုံး ပြည်သူပေါင်း ၇၀၆ ယောက်နဲ့ ဖမ်းဆီးခံရသူ  ၃၀၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013