
ရန်ကုန်မြို့မှာ အင်္ကျီအပြာရောင်ဝတ်ဆင်သွားလာတာတွေ မလုပ်ဖို့ စစ်အာဏာရှင်လက်အောက်ခံ ရပ်/ကျေးအုပ် ချုပ်ရေးမှူးရုံးက သတိပေး၊ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ပြည်သူအချို့ဆီက သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့အတွက် အပြာရောင်အင်္ကျီဝတ်တဲ့ လှုပ်ရှားမှုရှိနေချိန်မှာ ရပ်ကွက်ရုံးက အစည်းအဝေးခေါ်ပြီး သတိပေးတာလို့ ဆိုပါတယ်။
ရပ်ကွက်နေပြည်သူတွေအနေနဲ့ လှုပ်ရှားမှုမှာ ဝင်မပါဖို့နဲ့ အင်္ကျီအပြာရောင် ဝတ်ဆင်သွားလာသူတွေကို စောင့်ကြည့်သတင်းပို့ဖို့ ညွှန်ကြားချက်ရှိတယ်ဆိုပြီး ပြောကြောင်း မှော်ဘီမြို့နယ်၊ ရဲဘော်စျေးအနီးနေထိုင်သူတယောက်က ပြောပါတယ်။
“မိဘတွေက လူငယ်တွေကို သတိပေးဖို့ အစည်းအဝေး ခေါ်ပြောတာ။ အပြာရောင်ဝတ်တာ သူတို့ကို ဆန့်ကျင်တာ၊ အဲဒါဝတ်တာတွေ့ရင် ဖမ်းပြီအရေးယူမယ် ဆိုတဲ့ စာထွက်ထားတယ်တဲ့။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးအတွက် အပြာရောင်အင်္ကျီဝတ်ပြီး လှုပ်ရှားမှုလုပ်ဖို့ နိူင်ငံရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
နိုင်ငံအရေးအကျဥ်းသားတွေ လွတ်မြောက်ဖို့အတွက် အင်္ကျီအပြာရောင်ဝတ်ကာ တစိုက်မတ်မတ်တောင်းဆိုခဲ့တဲ့ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တဲ့ ဧပြီ ၂၁ ရက်အထိ ကမ်ပိန်းလုပ်သွားမှာဖြစ်ပြီး အပြာရောင်အင်္ကျီဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ/ဗီဒီယိုကို လူမှုကွန်ရက်မှာတင်တာ၊ တခြားသူတွေကို ဖိတ်ခေါ်တာမျိုးနဲ့ ပါဝင်ဖို့ နှိုးဆော်အသိပေးထားပါတယ်။










