
စစ်ကိုင်းတိုင်း အရှေ့မြောက်ပိုင်း ကသာခရိုင်ထဲက ထီးချိုင့်၊ ကသာ၊ ဗန်းမောက်၊ အင်းတော်မြို့တွေကို ပြန်ထိန်းချုပ်ပြီးနောက် ခရိုင်တခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အာဏာာရှင်က သတင်းထုတ်ပြန်နေပေမဲ့ လက်တွေ့မှာတော့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
ကသာခရိုင်ဟာ ကချင်ပြည်နယ်နဲ့ နယ်မြေချင်း ထိစပ်နေတာဖြစ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေကို ဖိအားပေးနိုင်ဖို့ စစ်အာဏာရှင်က အလုံးစုံ ပြန်ထိန်းချုပ်ချင်နေတဲ့ ဒေသ ဖြစ်ပါတယ်။
KIA နဲ့ အရင်ကတည်းက မပြေလည်မှုတွေ တင်းမာမှုတွေရှိခဲ့တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့ အင်အားနဲ့ နယ်မြေကျွမ်းကျင်မှုကို အသုံးချပြီး ဒေသတွင်း လက်လွှတ်ထားရတဲ့ နေရာတွေကို စစ်တပ်က ပြန်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
လတ်တလော ကသာခရိုင်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးမယ်လို့ သတင်းလွှင့်ထားပြီး စစ်အာဏာရှင်က ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ပြန်ဖွဲ့စည်းနေပါတယ်။
ကသာဒေသခံ အမျိုးသမီးတယောက်က “သူတို့ကတော့ အသံလွှင့်နေတာတော့ အခု ဖုန်းလိုင်းရပြီပေါ့နော်၊ မကြာမီလည်း ဝိုင်ဖိုင်တွေရတော့မယ်၊ မီးတွေလည်း ရမယ်ပေါ့နော်၊ ကျောင်းတွေတောင်မှ ကိုယ်ပိုင်ကျောင်းတွေရောပေါ့လေ၊ အကုန်လုံး ပြန်ဖွင့်နိုင်တော့မယ်ပေါ့၊ အဲဒီအတိုင်းတော့ ပြောနေတယ်။ အခုလို သူတို့ ခဏကောင်းပြလိုက်တာဟာ ကြားရတဲ့ သတင်းအရတော့ ရက် ၁၀၀ စီမံကိန်း ရှိတယ်လို့လည်း ကြားထားတယ်။ ဒီကြားထဲမှာ သူတို့ တည်ဆောက်ရေးတွေ ပြန်ပြီးလုပ်နေတယ်။ ကျေးရွာတွေမှာဆိုရင် အုပ်ချုပ်ရေးတွေပြန်ပြီး ဖွဲ့စည်းပေးနေတာတွေ ရှိတယ်။ ကျေးရွာရဲ့ အမြင်ကကျတော့ ဘယ်ဘက်မှ လိုက်တာ မဟုတ်ဘဲနဲ့ အေးအေးပဲ နေချင်တယ်ပေါ့။ ဒါပေမဲ့ အခု တော်တော်များများဆိုရင် တတ်နိုင်တဲ့သူတွေဆိုရင် မြို့ပေါ်ပဲပြေးကြတယ်” လို့ ပြောပါတယ်။
စစ်တပ်က မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဆက်စပ်ဒေသတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားရာမှာ တော်လှန်ရေးအစုအဖွဲ့တွေ အချင်းချင်းကြားက မပြေလည်မှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေ အချင်းချင်းကြားက သဘောထား မတိုက်ဆိုင်တာတွေကို စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းတွေသုံးပြီး အခွင့်အရေးယူခဲ့တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် တရုတ်အစိုးရရဲ့ ထောက်ခံပံ့ပိုးမှုနဲ့ နည်းပညာ၊ လက်နက် အားသာချက်တွေ ရှိလာသလို စစ်မှုထမ်းသင်တန်းတွေကနေ တပ်သားသစ်တွေ ဆက်တိုက်ထုတ်ပြီး အင်အား ဖြည့်တင်းနေတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေအတွက် အကျပ်အတည်း ပိုကြီးလာတာပါ။
မန္တလေးတိုင်းထဲက ပြန်လည်ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေမှာလည်း တပ်သားသစ် ထပ်မံစုဆောင်းတာ၊ ခြိမ်းခြောက်ဖိအားပေးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “မတ္တရာမြို့နယ်တွင်းမှာတော့ အခုလောလောဆယ် စစ်ကောင်စီက တချို့နေရာတွေတော့ သူတို့ ကာကင်းလေးတွေ နည်းနည်းရုပ်သိမ်းပြီးတော့ လမ်းကြောပေါ်ကို ရွှေ့ပြောင်းနေတာတွေတော့ ရှိတယ်။ တချို့နေရာတွေတော့ တော်တော် ကျပ်တည်းတယ်။ နောက်တခါ စစ်မှုမထမ်းမနေရ ဆိုပြီးတော့ မတရား စွဲနေတာတွေလည်း ရှိတယ်ဗျ။ တော်လှန်ရေးနဲ့ ဆက်နွှယ်တဲ့သူတွေရဲ့ အိမ်တွေကိုလည်း ဖျက်ဆီးတာတွေရှိတယ်။ ပျော်ပျော်ရွှင်ရွှင် နေနေကြပြီဆိုတဲ့ ဝါဒဖြန့်ချင်တဲ့အပိုင်းအနေနဲ့ သူတို့ ဘောလုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ လောင်းကစားပွဲတွေ လုပ်ပေးနေတာတွေတော့ ရှိတယ်ဗျ။ တချို့ပြည်သူတွေကတော့ တော်တော်လေး အနေကျပ်လာကြပြီလို့ ကျနော် သတင်းရထားတယ်။ အိမ်ထဲကအိမ်ပြင် မထွက်ရဲတဲ့ပုံစံမျိုးတွေတို့၊ ညပိုင်း မထွက်ရဲတဲ့ပုံစံမျိုးတွေလည်း တော်တော်များများ ဖြစ်နေပြီ။ အလုပ်အကိုင်တွေလည်း အပြင်ထွက်ပြီး မလုပ်ရဲတာတွေ ရှိနေကြပြီဗျ။ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ၊ မဲနှိုက်တာတွေ တင်းတင်းကျပ်ကျပ် လုပ်လာတဲ့အတွက် ပြည်သူတွေလည်း တော်တော်အနေကျပ်နေပြီလို့ သတင်းရထားတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ ခေါ်ယူခဲ့တဲ့ စစ်သင်တန်းဟာ အပတ်စဉ် ၂၄ အထိ ရောက်လာပြီး အချိန်တိုအတွင်းမှာ သိန်းနဲ့ချီတဲ့ တပ်သားတွေကို စစ်တပ်က အတင်းအဓမ္မ စုဆောင်းခဲ့တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ကသာခရိုင်ကို စစ်တပ်က ထိန်းချုပ်နိုင်ပြီလို့ ကြေညာထားပေမဲ့ တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မေ ၁၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။
သုတချမ်းသာ











