
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေး Blue Shirt Campaign လှုပ်ရှားမှုကို စတင်ပြုလုပ်နေတာပါ။
ဧပြီ ၁၀ ရက်မှ ၂၁ ရက်အထိ ၁၂ ရက်ကြာပြုလုပ်မဲ့ Blue Shirt Campaign ကို ပြည်တွင်း၊ ပြည်ပ မြန်မာ့အရေးဆောင်ရွက်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုင်ရာအဖွဲ့အစည်း ၃၀ က ဦးဆောင်နေတာဖြစ်ပြီး တော်လှန်ရေးအင်အားစုအသီးသီးက ပူးပေါင်းပါဝင် နေကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးသိုက်ထွန်းဦးက "နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်မြောက်ရေးကို ကျနော်တို့တွေ ကိုယ်တိုင်ကြိုးစား ဆောင်ရွက်မှ ရမယ်ဆိုတဲ့သတင်းစကားကို မြန်မာပြည်သူလူထုကိုသာမက ကမ္ဘာကြီးကိုပါ သတင်းစကား ပေးတာဖြစ်ပါတယ်။ ဘယ်လိုပါဝင်နိုင်မလဲဆိုတော့ လက်ရှိမှာ အပြာရောင်ဝတ်စုံကို ဝတ်တာ၊ ညာဘက်လက်ဖဝါးမှာ လွှတ်ပေးစေချင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေကို ရေးတာ ဒါမှမဟုတ် အားလုံးကိုရည်ရွယ်တဲ့ Free All Political Prisoner ဆိုတဲ့ စာသားတွေကို ဓာတ်ပုံရိုက်ပြီးမှ ပေးပို့တာမျိုးပေါ့၊ ဒီလိုမျိုးတွေကို ကျနော်တို့လက်ခံနေတာမျိုးတွေရှိပါတယ်။ ပြီးတော့ ဒီကမ်ပိန်းမှာ ပြည်သူလူထုလို့ပြောတဲ့အခါမှာ ကဏ္ဏအသီးသီးက ပုဂ္ဂိုလ်တွေလည်းပါမယ်ပေါ့နော်၊ အနုပညာရှင်တွေ၊ ကျနော်တို့ ယုံကြည်လေးစားရတဲ့ နိုင်ငံရေးဘက်က ခေါင်းဆောင်တွေ ဒီကမ်ပိန်းမှာ ပါဝင်ကြမှာဖြစ်ပါတယ်။ ဒီကမ်ပိန်းလှုပ်ရှားမှုက အွန်လိုင်းရော၊ မြေပြင်ရော ကျနော်တို့ လှုပ်ရှားမှာဖြစ်ပါတယ်။ ကမ်ပိန်းကာလအတွင်းမှာ မြေပြင် လူထုသပိတ်တွေရော၊ အွန်လိုင်းကမ်ပိန်းရော၊ ပြီးတော့ နိုင်ငံတကာမှာ လှုပ်ရှားမှုတွေကို စတင်ဖို့ ပြင်ဆင်နေတာမျိုးတွေ လည်းရှိပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်”လို့ ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်အထိ သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ LGBT တွေအပါအဝင် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၂၀,၀၀၀ ဝန်းကျင် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၇၈ ယောက် အကျဉ်းထောင်တွင်းမှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် မှတ်တမ်းတွေက ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က "ပြည်သူလူထုအပေါ်မှာ အကြမ်းဖက် တိုက်ခိုက်နေတာတွေ အခုထိမရပ်မနားပေါ့နော်၊ သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်မှာ၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ရာဇဝတ်သားလို့ပဲ သူကသတ်မှတ်တာလေ။ သမ္မတရဖို့ သူကြိုးစားတယ်၊ သမ္မတဖြစ်ပြီးသွားပြီ၊ မနေ့ကမိန့်ခွန်းမှာလည်း လူမှုရေးအရပေါ့ဗျာ၊ ပြန်လည် သင့်မြတ်ရေးအရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ဘာညာ ဆိုပြီးတော့ သူပြောသွားတာပေါ့ဗျာ။ ဒီလိုမျိုးသမ္မတဖြစ်ခြင်းသည် တိုင်းပြည် ယနေ့ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း စိန်ခေါ်မှုတွေရဲ့ အဖြေလည်းမဟုတ်ဘူး။ အာဏာရှင်နေဝင်းလက်ထက်မှသည် အခုအချိန်ထိက ငြိမ်းချမ်းလို စိတ်လည်းမရှိဘူး၊ သင့်မြတ်လိုစိတ်လည်းမရှိဘူး။ သူဘယ်လောက်ကြီးပဲပြောပြော ယုံကြည်စရာ အကြောင်းမရှိဘူးပေါ့နော်” လို့ပြောပါတယ်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းကစပြီး စစ်အာဏာရှင်တွေရဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို အကြိမ်ကြိမ်ချမှတ်ခံခဲ့ရပြီး ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အကျဉ်းကျနေတုန်း ၂၀၀၁ ခုနှစ်မှာ ယူနက်စကိုအဖွဲ့ကြီးရဲ့ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနဲ့ ကမ္ဘာ့သတင်းစာများအသင်းကြီးရဲ့ လွတ်လပ်မှုရွှေကလောင်ဆုတို့ကို ရရှိခဲ့ပါတယ်။
၂၀၁၄ ဧပြီ ၂၁ ရက်မှာ အသက် ၈၅ နှစ်အရွယ် ဟံသာဝတီ ဦးဝင်းတင်ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကျောက်ကပ်ရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။










