DVB Logo
Home
ဆောင်းပါး
အာဏာသိမ်းမှုက အသေအပျောက်အများဆုံး စစ်ပွဲဆီ ဘယ်လိုတွန်းပို့ခဲ့သလဲ၊ ဘာလို့ ကမ္ဘာကြီးက မျက်ကွယ်ပြုနေတာလဲ
DVB
·
July 24, 2026
အာဏာသိမ်းမှုက အသေအပျောက်အများဆုံး စစ်ပွဲဆီ ဘယ်လိုတွန်းပို့ခဲ့သလဲ၊ ဘာလို့ ကမ္ဘာကြီးက မျက်ကွယ်ပြုနေတာလဲ
Donate to DVB

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကနေ စတင်ခဲ့တဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ အခုဆိုရင် အာရှမှာ အသေအပျောက် အများဆုံး ပဋိပက္ခ ဖြစ်လာနေပါပြီ။ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ ACLED အဖွဲ့ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကတည်းက သေဆုံးသူပေါင်း ၁၀၀,၀၀၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့ပေါင်း ၁,၂၀၀ ကျော်နဲ့ အကွဲအပြဲ အများဆုံး ပဋိပက္ခဖြစ်တယ်လို့ ACLED က သတ်မှတ်ထားပြီး၊ ကမ္ဘာပေါ်မှာ စစ်ဒဏ်အခံရဆုံး နိုင်ငံတွေထဲက တခုအဖြစ်လည်း သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံဟာ အရင်က ဒီလိုမဟုတ်ခဲ့ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ အချိန်တွေ ရပ်တန့်နေခဲ့သလို ဖြစ်ခဲ့ပေမဲ့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နိုင်ငံရေးစနစ် စတင်ပွင့်လင်းလာပြီးနောက် ဆယ်စုနှစ်တခုအတွင်းမှာ စီးပွားရေးဟာ တနှစ်ကို ပျမ်းမျှ ၆ ရာခိုင်နှုန်းလောက် တိုးတက်လာခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ ၂၀၀၅ ခုနှစ်မှာ ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့တဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။ ငတ်မွတ်ခေါင်းပါးမှုတွေလည်း လျော့နည်းလာခဲ့ပြီး၊ အစားအစာပြတ်လပ်မှု ကြုံတွေ့ရသူ အရေအတွက်ဟာ ဆယ်စုနှစ် နှစ်ခုကြာ ဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့ပါတယ်။ ဒီအချက်တွေက မြန်မာနိုင်ငံကို ချက်ချင်း ချမ်းသာသွားစေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အနှစ် ၅၀ လောက် နေခဲ့ရတဲ့ နိုင်ငံတခုဟာ သိသိသာသာကို ပိုကောင်းလာခဲ့ပြီး၊ လိုအပ်ချက်တွေ ရှိနေသေးရင်တောင် ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာနေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာရော၊ ၂၀၂၀ ရွေးကောက်ပွဲမှာပါ တခဲနက် အနိုင်ရရှိခဲ့ပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်း မျက်စိကျလာကြပါတယ်။ ၂၀၁၂ ခုနှစ်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံပဲရှိရာကနေ ၂၀၁၅ မှာ ၉ ဒသမ ၅ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ အာဏာမသိမ်းခင် နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ မှာ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံလောက် ရှိနေခဲ့ပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီတွေ၊ ဘဏ်တွေနဲ့ ခေတ်မီစားသောက်ဆိုင် အသစ်တွေ အများကြီး ဝင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ဗိုလ်ချုပ်တွေက အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တဲ့အခါ၊ မျက်နှာစာပေါင်းစုံက ပြည်တွင်းစစ်ကြီး ပေါက်ကွဲထွက်လာပြီး၊ နိုင်ငံဟာ ပြိုလဲလုနီးပါးဖြစ်ကာ (ဂါဇာကမ်းမြောင်နဲ့အတူ) ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နေရာတခု ဖြစ်သွားခဲ့ရပါတယ်။

ဒီလို ပြောင်းပြန်လန်ကျသွားမှုဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။ ဂျီဒီပီ (GDP) ဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး အခုချိန်ထိ ပြန်နာလန်မထနိုင်သေးပါဘူး။ ၂၀၂၃ ခုနှစ်မှာ ဆင်းရဲမွဲတေမှုနှုန်းဟာ ၄၉ ဒသမ ၇ ရာခိုင်နှုန်းအထိ နှစ်ဆလောက် ပြန်တက်သွားပြီး ဆယ်စုနှစ်တခုစာ တိုးတက်မှုတွေ အကုန်လုံး ရေစုန်မျောသွားခဲ့ပါတယ်။ အဲဒီနှုန်းက အခုချိန်ထိ အတူတူလောက်ပဲ ရှိနေဦးမှာပါ။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ တွေ့ရှိချက်အရ လူလတ်တန်းစား အရေအတွက်ဟာ တဝက်တိတိ လျော့ကျသွားပြီး၊ လူ ၄ ယောက်မှာ ၃ ယောက်က ဝမ်းစာအတွက် အနိုင်နိုင် ရုန်းကန်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ငွေကြေးဖောင်းပွမှုဟာ ၃၀ ရာခိုင်နှုန်းအထိ ရောက်သွားပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ သုံးဆနီးပါး တက်သွားခဲ့ပါတယ်။

ကျွမ်းကျင်လုပ်သား သိန်းနဲ့ချီပြီး နိုင်ငံကနေ ထွက်ပြေးခဲ့ကြသလို၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း အာဏာမသိမ်းခင်ကထက် လေးပုံသုံးပုံလောက် ကျဆင်းသွားပါတယ်။

တချိန်က လျော့ကျသွားခဲ့တဲ့ ငတ်မွတ်ခေါင်းပါးမှုတွေလည်း ပြန်ကြီးထွားလာပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ လူဦးရေရဲ့ သုံးပုံတပုံနီးပါးဖြစ်တဲ့ လူ ၁၅ ဒသမ ၂ သန်းဟာ အစားအစာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး၊ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာဆိုရင် အငတ်ဘေးဆိုက်မဲ့ အခြေအနေကို ရောက်နေပါပြီ။ လူ ၃ ဒသမ ၅ သန်းခန့်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း လုံးဝပြိုလဲလုနီးပါးဖြစ်နေပြီး၊ အာဏာသိမ်းပြီးကတည်းက ဆေးရုံ၊ ဆေးခန်းတွေ တိုက်ခိုက်ခံရမှု ၃၃၀ ကျော် ရှိခဲ့ပါတယ်။

ပဋိပက္ခတွေကြားထဲ ဥပဒေမဲ့ဖြစ်မှုတွေ များပြားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ ကြီးမားကျယ်ပြန့်လှတဲ့ ဒုစရိုက်စီးပွားရေးကြီးတခု ကြီးထွားလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကိုကျော်ပြီး ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ခန့်မှန်းခြေအားဖြင့် တန်ချိန် ၁,၀၈၀ (တန်ဖိုး ဒေါ်လာ ၂ ဒသမ၄ ဘီလီယံခန့်) အထိ ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးရဲ့ မက်သာအဖက်တမင်းထုတ်လုပ်တဲ့ စက်ရုံကြီးလို ဖြစ်လာပြီး၊ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ တခုတည်းမှာတင် ဖမ်းဆီးရမိတဲ့ မက်ဆေးပြားသန်း ၁,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံကနေ လာတာချည်းပါပဲ။ မြန်မာပြည်တွင်းက ဆိုက်ဘာငွေလိမ်လည်မှု (Cyber scam) စခန်းတွေကနေ တနှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ ရနေပါတယ်။ အဲဒီစခန်းတွေမှာ လူကုန်ကူးခံရသူတွေကို ကျွန်တွေလို ခိုင်းစေနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အညွှန်းကိန်းတခုအရ အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။

ACLED ရဲ့ အချက်အလက်တွေအရ အရပ်သားသေဆုံးမှု ၇၁ ရာခိုင်နှုန်းဟာ စစ်အာဏာရှင်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ အဓိကလက်နက်ကတော့ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာပါပဲ။ စစ်လေယာဉ်တွေနဲ့ ဒရုန်းတွေက ဈေးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြပါတယ်။ ၂၀၂၅ ခုနှစ် မေလက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စာသင်ကျောင်း တခုကို တိုက်ခိုက်ခဲ့ရာမှာ ကလေးငယ် ၂၂ ယောက်နဲ့ ဆရာ၊ ဆရာမ ၂ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက မြောက်ဦးမြို့က ဆေးရုံတခုကို လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာလည်း လူနာတွေ၊ လူနာစောင့်တွေနဲ့ ဆေးရုံဝန်ထမ်း အနည်းဆုံး ၃၃ ယောက် သေဆုံးခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခန့်မှန်းချက်အရ စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၄ ခုနှစ်မှာ ၂,၄၇၁ ကြိမ် ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ ၄,၈၈၁ ကြိမ်အထိ တနှစ်တည်းအတွင်း ၂ ဆနီးပါး တက်လာခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က မြင်ကွင်းတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေကဆိုရင် စစ်အာဏာရှင် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အထိတောင် ကြိုးပမ်းလာခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ ရမ်းသန်းဗုံးကြဲတာတွေတင်မကဘဲ၊ စစ်သားတွေက ရွာတွေကို မီးရှို့တာ၊ ဖမ်းဆီးထားသူတွေကို သတ်ဖြတ်ပြီး အလောင်းတွေကို လယ်ကွင်းတွေထဲ ပစ်ထားခဲ့တာတွေပါ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက နေအိမ်ပေါင်း ၁၁၆,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှုတွေဟာ အလွန်ရက်စက်ကြမ်းကြုတ်ပေမဲ့ ပြည်တွင်းစစ်မှာ စစ်ဗိုလ်ချုပ်တွေ ရှုံးတော့မလို ဖြစ်ခဲ့တဲ့ အချိန်တခုလည်း ရှိခဲ့ပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ကို နိုင်ငံရဲ့ နေရာအတော်များများကနေ မောင်းထုတ်နိုင်ခဲ့ပါတယ်။ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သလို၊ ၂၀၂၄ နှောင်းပိုင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်ကို ထိန်းချုပ်ထားနိုင်ကာ ဒုတိယမြို့တော် မန္တလေးနဲ့ ၁၄ မိုင်လောက်အထိ နီးကပ်လာခဲ့ပါတယ်။

ဒါပေမဲ့ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားစေတာက စစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ သူတို့ရဲ့ အာဏာရှင်မိတ်ဆွေတွေကြောင့်ပါ။ အာဏာရှင်အစိုးရ အချင်းချင်း ကူညီကြတဲ့ ကွန်ရက်ကြီးတခု ရှိနေပါတယ်။ ဘယ်လာရုစ်က V3D ရေဒါနည်းပညာနဲ့ မြေပြင်တပ်ဆင် ဒုံးကျည်စနစ်တွေလို အဆင့်မြင့်စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ရုရှားဆီကနေ အဆင့်မြင့် တိုက်ခိုက်ရေး-သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သစ်တွေကို ပထမဆုံး ဝယ်ယူတဲ့နိုင်ငံ ဖြစ်လာခဲ့ပြီး၊ အဲဒီရဟတ်ယာဉ်တွေကိုသုံးကာ စစ်အာဏာရှင်က လေကြောင်းစိုးမိုးမှုကို ချဲ့ထွင်လာပါတယ်။ အီရန်ကလည်း စစ်အာဏာရှင်တပ်က လေယာဉ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ လေယာဉ်ဆီတွေကို လျှို့ဝှက်ထောက်ပံ့ပေးနေပါတယ်။ အဲဒီလေယာဉ်တွေနဲ့ပဲ အရပ်သားတွေကို ဗုံးကြဲနေတာပါ။ တရုတ်ကလည်း သီးသန့်အနေနဲ့ ဒေါ်လာ ၃ ဘီလီယံလောက် အကူအညီပေးဖို့ မြှူဆွယ်ခဲ့ပါတယ်။ လက်နက်ခဲယမ်း အသစ်တွေ၊ အကူအညီအသစ်တွေ ရလာတဲ့ စစ်တပ်ဟာ ၂၀၂၅ နဲ့ ၂၀၂၆ တွေမှာ ထိုးစစ်ပြန်ဆင်လာပြီး၊ အရေးပါတဲ့ လားရှိုးမြို့နဲ့ တရုတ်-မြန်မာ ကားလမ်းမကြီးကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီနောက်အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပါတယ်။

ဒါတွေကို ကမ္ဘာကြီးက မျက်ကွယ်ပြုနေတုန်းပါပဲ။ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံဟာ အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာပဲ (အကြမ်းဖက်မှုတွေရပ်ဖို့၊ ဆွေးနွေးကြဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့စတဲ့) ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူခဲ့ပေမဲ့ စစ်အာဏာရှင်က ၂ ရက်အတွင်းမှာပဲ ပယ်ချခဲ့ပြီး အခုချိန်ထိလည်း လိုက်နာခြင်း မရှိပါဘူး။

မြန်မာနိုင်ငံအတွက် အကူအညီတွေကလည်း လျော့နည်းလာနေပါတယ်။ လူသန်း ၂၀ လောက်ကို ကူညီပေးဖို့ ရည်ရွယ်ထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၂၅ လူသားချင်းစာနာမှု အစီအစဉ် (ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံ လိုအပ်ချက်) ဟာ နှစ်လယ်ပိုင်းရောက်တဲ့အထိ ၁၂ ရာခိုင်နှုန်းပဲ ရန်ပုံငွေရခဲ့ပြီး၊ နှစ်ကုန်တဲ့အထိလည်း လိုအပ်တဲ့ ပမာဏနဲ့ အများကြီး ကွာဟနေခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ အကူအညီပေးရေး အစီအစဉ်တွေကို အစဉ်အမြဲ ထောက်ခံအားပေးခဲ့တဲ့ အမေရိကန်ဆီကနေလည်း ကြီးမားတဲ့ ထိုးနှက်ချက်တခု ရခဲ့ပါတယ်။ ထရမ့်ပ်အစိုးရဟာ USAID ရဲ့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်တဲ့အတွက် ၂၀၂၅ ခုနှစ် တနှစ်တည်းမှာတင် မြန်မာနိုင်ငံအတွက် အကူအညီ ဒေါ်လာ ၂၅၉ သန်းလောက် ပြတ်တောက်သွားခဲ့ပြီး နောက်ထပ်အကူအညီတွေကိုလည်း ဖြတ်တောက်လိုက်ပါတယ်။

ဝါရှင်တန်ဟာ နိုင်ငံရဲ့ ဝရုန်းသုန်းကားဖြစ်မှုကြောင့် ထွက်ပြေးလာတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း မျက်ကွယ်ပြုလိုက်ပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ပြည်တွင်းလုံခြုံရေးဌာနက မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံတဲ့နိုင်ငံအဖြစ် သတ်မှတ်ပြီး၊ အမေရိကန်မှာရှိနေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ ခန့်ကို ယာယီကာကွယ်ပေးထားမှု (Temporary Protected Status - TPS) ကို ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာ့အရေးကို လေ့လာနေသူ ဘယ်သူကမှဒီအချက်ကို သဘောမတူကြပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာတောင် လူ့အခွင့်အရေး အခြေအနေတွေ ပိုဆိုးလာတယ်လို့ ဖော်ပြထားပါတယ်။ လူတွေကို ပြန်ပို့တယ်ဆိုတာ စစ်ဇုန်ထဲကို ပြန်ပို့လိုက်တာနဲ့ အတူတူပါပဲ။ မြန်မာနိုင်ငံသားတွေကို စစ်ပွဲတွေဖြစ်နေတဲ့ နိုင်ငံဆီ ပြန်ပို့နေတာ အမေရိကန် တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။

ဥရောပသမဂ္ဂ (EU) နိုင်ငံ ၅ နိုင်ငံဖြစ်တဲ့ ဂျာမနီ၊ သြစတြီးယား၊ ဒိန်းမတ်၊ နယ်သာလန်နဲ့ ဂရိတို့ဟာ ခိုလှုံခွင့်ပယ်ချခံရသူတွေကို ပြန်ပို့ဖို့ ကမ်းလွန်ပင်လယ်ပြင် "ပြန်ပို့ရေးစခန်းတွေ" လုပ်ဖို့ စဉ်းစားနေကြပါတယ်။

ထိုင်းနိုင်ငံဟာ ပြည်ပရောက် မြန်မာနိုင်ငံသား အများဆုံး (လူ ၄ သန်းကျော်) ခိုလှုံနေတဲ့ နိုင်ငံဖြစ်ပြီး၊ အဲဒီအထဲက တဝက်လောက်ဟာ အထောက်အထား မရှိကြပါဘူး။ ထိုင်းအာဏာပိုင်တွေက လဝက စစ်ဆေးမှုတွေနဲ့ အစုလိုက်အပြုံလိုက် ပြန်ပို့တာတွေကို ပုံမှန်လုပ်ဆောင်နေပြီး၊ ၂၀၂၄ ခုနှစ်က ၃ လအတွင်းမှာတင် မြန်မာနိုင်ငံသား ၁၄၄,၀၀၀ ကျော်ကို ဖမ်းဆီးပြီး ပြန်ပို့ခဲ့ပါတယ်။

အိန္ဒိယကလည်း အထူးသဖြင့် ပဋိပက္ခတွေဖြစ်နေတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို အကြမ်းပတမ်း ပြန်ပို့နေပါတယ်။

မလေးရှားကလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အရေးတကြီး မေတ္တာရပ်ခံနေတဲ့ကြားက မြန်မာခိုလှုံသူတွေကို အကြိမ်ကြိမ် ပြန်ပို့ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကတော့ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားပေမဲ့ သူတို့အားလုံးကို ကော့ဇ်ဘဇားဒေသဝန်းကျင်က စခန်းတွေမှာပဲ ကန့်သတ်ထားပါတယ်။ အဲဒီအထဲမှာ ကမ္ဘာ့အကြီးဆုံးနဲ့ အဆိုးရွားဆုံးဖြစ်မဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းလည်း ပါဝင်ပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေဟာ မိုးရာသီဒဏ်ကို မခံနိုင်တဲ့ တဲအိုလေးတွေနဲ့ နေရပြီး၊ စခန်းတွင်းမှာ မစင်ရည်တွေဟာ မြစ်တစင်းလို စီးဆင်းနေပါတယ်။ ကလေးငယ်တွေ အစာအာဟာရ မလုံလောက်ကြသလို၊ အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တွေဟာ တနေ့လုံး ရာဘလို တရားမဝင် မူးယစ်ဆေးတွေကို သုံးစွဲနေကြပါတယ်။

ပိုဆိုးတာကတော့ အမေရိကန်ဟာ စစ်အာဏာရှင်ဘက်ကို တိတ်တဆိတ် ယိမ်းလာနေတာပါပဲ။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တချို့ (စစ်အာဏာရှင်အတွက် လက်နက်ပွဲစားလုပ်ပေးသူတွေ အပါအဝင်) အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးခဲ့ပါတယ်။ စစ်အာဏာရှင်ကလည်း ဒါကို အခွင့်ကောင်းယူပြီး ဝါရှင်တန်ကို ချဉ်းကပ်ဖို့ ငွေတွေ ဗုံးပေါလအော သုံးလာပါတယ်။ ထရမ့်ပ်နဲ့ နီးစပ်တဲ့ DCI Group ကို ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းခဲ့သလို၊ သမ္မတရဲ့ လူယုံဖြစ်သူ ရော်ဂျာ စတုန်းကိုလည်း ၂ နိုင်ငံအကြား ဆက်ဆံရေး “ပြန်လည်တည်ဆောက်ဖို့” ဆိုပြီး တလကို ဒေါ်လာ ၅၀,၀၀၀ ပေးပြီး ငှားရမ်းခဲ့ပါတယ်။

စာသင်ကျောင်းတွေကို ဗုံးကြဲပြီး ကိုယ့်ပြည်သူကို ငတ်မွတ်အောင်လုပ်နေတဲ့ အစိုးရတရပ်ဟာ အခုဆိုရင် ပြည်သူတွေရဲ့ သွေးနဲ့ရင်းပြီး လစဉ်ကြေးပေးကာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ဝယ်ယူနေပါပြီ။ သေဆုံးသူ အရေအတွက်တွေ တိုးလာတာနဲ့အမျှ အခုမေးရမဲ့ မေးခွန်းက ကူညီနိုင်စွမ်းရှိတဲ့သူတွေထဲမှာ ဒီကိစ္စကို ဂရုတစိုက်ကြည့်မဲ့သူ ရှိသေးလား၊ ဒါမှမဟုတ် မျက်ကွယ်ပြုနေတာကပဲ သူတို့ရဲ့ အဖြေလား ဆိုတာဖြစ်ပါတယ်။

ဂျော့ရှဝါ ကာလန်ဇစ် 

( နယူးယောက်ခ်အခြေစိုက် The Council on Foreign Relations  ဝက်ဆိုက်တွင် Joshua Kurlantzick ရေးသားထားသည့်  “How the Coup Turned Myanmar Into Asia’s Deadliest Conflict—and Why the World Is Looking Away” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

ဂျော့ရှဝါ ကာလန်ဇစ် (Joshua Kurlantzick)ဟာ နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations - CFR) ရဲ့ ကျွမ်းကျင်သူတဦးဖြစ်ပြီး၊ အရှေ့တောင်အာရှနဲ့ တောင်အာရှရေးရာ အကြီးတန်းသုတေသီတဦး ဖြစ်ပါတယ်။

သူ့ရဲ့ သုတေသနလုပ်ငန်းတွေထဲမှာ အာရှနဲ့ ကမ္ဘာတဝန်းက နိုင်ငံရေးလောကအတွင်း စစ်တပ် ဝင်ရောက်စွက်ဖက်မှုတွေ၊ တရုတ်နဲ့ အရှေ့တောင်အာရှအပါအဝင် တခြားဖွံ့ဖြိုးဆဲဒေသတွေရဲ့ ဆက်ဆံရေး၊ ကမ္ဘာလုံးဆိုင်ရာ လူပြိန်းကြိုက်ဝါဒနဲ့ အာရှရှိ လူကြိုက်များဝါဒ ထွန်းကားလာမှု၊ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ ဆုတ်ယုတ်ကျဆင်းမှုစတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013