DVB Logo
Home
မြန်မာသတင်း
ပဲခူးအကြမ်းဖက်ပစ်ခတ်မှုတွင် ကျဆုံးသူများအပါအဝင် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၆၀၀ ကျော်ရှိလာ
DVB
·
April 9, 2021
ပဲခူးအကြမ်းဖက်ပစ်ခတ်မှုတွင် ကျဆုံးသူများအပါအဝင် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၆၀၀ ကျော်ရှိလာ
Donate to DVB

ပဲခူးမြို့မှာ ဧပြီ ၉ ရက်နေ့ တစ်ရက်တည်း ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးတဲ့ အရပ်သားပြည်သူ ၆၀ ကျော်လောက်ရှိနိုင်တယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးမြို့မှာဒီနေ့မနက်အစောပိုင်း ၅ နာရီလောက်ကတည်းက  မဂ္ဂတစ်၊ ဆံတော်တွင်း၊ မှော်ကန်နဲ့ လိပ်ပြာကန်စတဲ့ နေရာတွေရှိ  သပိတ်ခံတပ်တွေကို စစ်ကောင်စီရဲ လက်နက်ကိုင်တပ်တွေက စစ်ပွဲသုံး လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

သေနတ်ကျည်ထိသူတွေကို ကောက်ယူခွင့်မပေးဘဲ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာပုံထားခဲ့တဲ့အကြောင်းနဲ့ ညနေပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်ဘက်က အလောင်းတွေကို ကားနဲ့လာသယ်ထုတ်သွားပြီး ‌ကားပေါ်တင်တဲ့ အလောင်းတွေကို ရေကြည့်ထားတာ ၅၉ ယောက်ရှိတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မနက်ပိုင်းက  ကျည်ထိသေဆုံးသူ ၃ ယောက်နဲ့ ပေါင်းရင် အတည်ပြုရသလောက် သေဆုံးသူ  ၆၂  ယောက်ရှိသွားပြီလို့လည်း  ဆိုပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ ဒီဗွီဘီက အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

ပဲခူးမြို့ခံတဦးက "သူတို့က ဆန္ဒပြလို့ ဖြိုခွဲနေတာမဟုတ်တော့ဘူး။ လူသတ်ပွဲကျင်းပနေသလိုပဲ” လို့  ပြောပါတယ်။

စစ်ကောင်စီ မီဒီယာတွေမှာတော့ ဧပြီ ၉ ရက်နေ့ ပစ်ခတ်မှုမှာ အရပ်သား ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ ရဲတွေ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပဲခူးမြို့က ကျဆုံးရသူတွေအပါအဝင် မတရားစစ်အာဏာသိမ်းမှုကာလ ၂ လကျော်အကြာ ကျဆုံးပြည်သူပေါင်း ၆၁၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေ အေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၉ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၂၉၃၁ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၅၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၅၂၀ လောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၉ ရက် မနက်အစောပိုင်းကတည်းက အကြမ်းဖက် စစ်အုပ်စုတွေဟာ ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်းရှိ ပြည်သူတွေက အကြမ်းဖက်ဖြိုခွဲမှုကို ကာကွယ်ဖို့ ပိတ်ဆို့ထားတဲ့ အဓိက အတားအဆီးတွေတည်ရှိရာ မဂ္ဂတစ်လမ်းမကြီးကို နှစ်ဖက်ပိတ်ညှပ်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဗုံးသီးတွေနဲ့ အင်အားအလွန်အကျွံသုံးကာ ပစ်ခတ်ဖြိုခွင်း ခဲ့ပြီး ရပ်ကွက်တွေထဲကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့လို့ အရပ်သား ပြည်သူ ၄ ယောက် ထက်မနည်း ကျဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူ အမြောက်အမြားရှိတယ်လို့ ကနဦး သိရှိရကြောင်း အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ သပိတ်စစ်ကြောင်းကိုလည်း စစ်အုပ်စုက ဖြို ခွင်းခဲ့ကြပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ၊ ဖမ်းဆီးခံရသူတွေ မရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်မှာတော့ လှည့်လည် ဆန္ဒ ပြနေကြတဲ့ သပိတ်စစ်ကြောင်းကို ဒီနေ့ တစ်နေကုန်နီးပါး စစ်ကားနဲ့ ရဲကား ၁၂ စီးလောက်နဲ့ လှည့်လည်လိုက်လံဖမ်းဆီးတာကြောင့် လူငယ်တွရိုက်နှက် ဖမ်းဆီးခံရပါတယ်။ စမ်းချောင်းမြို့နယ်မှာတော့ ပြောက်ကျားသပိတ် ဖြိုခွင်းခံခဲ့ရ လို့ ၂ ယောက် ရာဘာကျည်ထိမှန်ခဲ့ပြီး ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ်တွေမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ပြည်သူလူထု ဟာ စစ်အာဏာရှင်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆယ်စုနှစ်ပေါင်း များစွာတိုင် ရင်ဆိုင်ခံစားခဲ့ကြရကြောင်းနဲ့ ခုတခါပြန်ပြီးတော့ ၂၀၂၁ ခုနှစ်မှာ အလား တူ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူတွေ အထိုက်အလျောက်ခံစားခဲ့ရတဲ့ ဒီမိုကရေစီ အနှစ်သာရဟာ ပျက်ပြယ်သွားခဲ့ပြီး လွတ်လပ်ခွင့်တွေ ပြန်လည် ဆုံးရှုံးသွားခဲ့ရပြီဖြစ် တယ်လို့ အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013