DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေးတွင် CRPH ကိုယ်စားလှယ်ပါဝင် ဆွေးနွေးမည်
DVB
·
April 9, 2021
မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေးတွင် CRPH ကိုယ်စားလှယ်ပါဝင် ဆွေးနွေးမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဧပြီ ၉ ရက်နေ့ ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသီးသန့် အစည်းအဝေး (Arria-Formula Meeting) မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ကိုယ်စားလှယ်တွ ပါဝင်ဆွေးနွေး ဖို့ရှိနေပါတယ်။

ဗြိတိန်နိုင်ငံက ကမကထပြုလုပ် စီစဉ်ကျင်းပတဲ့  ဒီအစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ယာယီနိုင်ငံခြားရေးဝန်ကြီး  ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ တိုင်းရင်းသားအရေးလှုပ်ရှားသူ စိုင်းစံခမ်းနဲ့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ရစ်ချတ်ဟိုဆေးတို့ ပါဝင်ဆွေးနွေး ဖို့ရှိပါတယ်။

‌ဒေါ်ဇင်မာအောင်က ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့  CRPH ရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးဖို့ရှိပြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့အရေးဟာ နိုင်ငံတာ ငြိမ်းချမ်းရေးကိုထိပါးလာနိုင်တဲ့အကြောင်းဆွေးနွေးမှာဖြစ်ကာ စိုင်းစံခမ်းကတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး  တင်ပြဆွေးနွေးမယ်လို့ သိရပါတယ်။ 

ဒီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ (CRPH) အဖွဲ့ဝင်တစ်ဦးအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားခံရတာကြောင့် တက်ရောက်ပြောကြားမှာ ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ဒီအစည်းအဝေးဟာ လုံခြုံရေးကောင်စီဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး  ပိုမိုနက်နဲစွာ သိရှိနိုင်ဖို့ လုပ်ဆောင်တဲ့  အစည်းအဝေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်ကို သိရဖို့ ဒီအစည်းအဝေးကို ကျင်းပမှာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲကို အမေရိကန်၊ ပြင်သစ်၊ အိုင်ယာလန်၊ နော်ဝေနဲ့  အက်စတိုးနီးယားနိုင်ငံတွေရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့လည်းရှိပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ပုံမှန်အစည်းအဝေးမဟုတ်တဲ့အတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေလည်း ပါဝင် တက်ရောက်ဆွေးနွေးနိုင်တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချတာတွေ လုပ်လေ့မရှိပေမဲ့ ဒီမှာဆွေးနွေး တဲ့အချက်အလက်တွေကို တက်ရောက်တဲ့အဖွဲ့ဝင်နိုင်ငံတွေက ကောင်စီဥက္ကဋ္ဌထံတင်ပြပြီး ဖြန့်ဝေစေတာ၊ တင်ပြချက်တွေကို လုံခြုံရေးကောင်စီရဲ့မှတ်တမ်းထဲမှာ ထည့်သွင်းမှတ်သားဖို့ တောင်းဆိုနိုင်တာ၊ အစည်းအဝေးအကျဉ်းနဲ့  အယူအဆတွေကို ကောင်စီဥက္ကဋ္ဌက အလေးထားလာအောင် ပေးပို့တိုက်တွန်းတာတွေလုပ်နိုင်တယ်လို့  လူ့အခွင့်အရေးပညာပေး တက်ကြွလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ 

“ဒီအစည်းအဝေးက မြန်မာနိုင်ငံအတွက် ဘာအကျိုးရှိနိုင်လဲဆိုရင်တော့ မြန်မာနိုင်ငံအရေးကို လုပ်ဆောင်နေတဲ့သူတွေက တိုက်ရိုက်တင်ပြပြောဆိုခွင့်ရရှိလာပါတယ်။ အစိုးရအသံမဟုတ်ဘဲ မြေပြင်ကအသံ၊ ပြည်သူတွေရဲ့အသံ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့ ဆန္ဒအမှန်ကို တင်ပြနိုင်ပါ့မယ်။ သံခင်းတမန်ခင်းစကားလုံးလှလှတွေမဟုတ်ဘဲ တိုက်ရိုက်တင်ပြနိုင်ပါမယ်။ ဒီမှာတက်ရောက်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ဆက်လက်ကြိုးပမ်းမှုတွေက ကောင်စီအတွင်း မြန်မာအရေးကို ဆက်လက်ဆွေးနွေးဖို့အပြင် အခုလို ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေမချနိုင်တဲ့အခြေအနေကို ကျော်လွန်နိုင်ဖို့ အင်အားတွေ ဖြစ်နိုင်ပါတယ်။ မြန်မာ့အရေးကိုပယ်ချဖို့ကြိုးစားနေတဲ့ တရုတ်၊ ရုရှား၊ ဗီယက်နမ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ပြန်လည်ချေပနိုင်တဲ့အားတွေ ဖြစ်နိုင်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးဖို့တာစူနေတဲ့နိုင်ငံတွေကို ဖောက်ထွက်နိုင်ဖို့အတွက် အထွေထွေညီလာခံမှာ အရေးပေါ်အစည်းအဝေးခေါ်ဖို့အတွက် ကြိုးပမ်းရာမှာ ထောက်ခံလာဖို့ အတွက် အခုတက်ရောက်တဲ့နိုင်ငံတွေက ကြိုးပမ်းပါဝင်လာစေနိုင်ပါတယ်။” 

ဒီအစည်းအဝေးကို ဒီနေ့ ဧပြီ ၉  ရက် သောကြာနေ့ နယူးယောက်စံတော်ချိန်မ နက် ၁၀ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ) လောက်မှာစတင်ကျင်းပမှာဖြစ်ပြီး   ကုလသမဂ္ဂ ဝက်ဘ်ဆိုဒ်ကနေ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်သွားဖို့ ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013