DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ၂ လကျော်အကြာ ကျဆုံးပြည်သူ ၆၁၄ ဦး၊ ထောင်ဒဏ်ချမှတ်ခံရသူ ၅၂ ဦးထိ ရှိလာ
DVB
·
April 9, 2021
စစ်အာဏာသိမ်းမှု ၂ လကျော်အကြာ ကျဆုံးပြည်သူ ၆၁၄ ဦး၊ ထောင်ဒဏ်ချမှတ်ခံရသူ ၅၂ ဦးထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၂ လကျော်အကြာ စစ်တပ်နဲ့ ရဲတွေ က အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၆၁၄ ယောက်ထိ ရှိ လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၇ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၂၈၅၇ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၅၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ အယောက် ၅၀၀ လောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၈ ရက်နေ့မှာလည်း  မြန်မာပြည်တဝှမ်းရှိ ပြည်သူတွေဟာ ကြောက်ရွံ့ခြင်း အလျှဉ်းမရှိဘဲ စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို အံတုကာ ဆန္ဒထုတ်ဖော်ပွဲတွေကို အရှိန်အဟုန်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆက်လက်ချီတက်ကြမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ Marching Shoes Strike တွေ ပြုလုပ်ပြီးတော့လည်း ဆန္ဒထုတ်ဖော်ခဲ့ကြတာကို တွေ့ရပါတယ်။

စစ်အုပ်စုတွေဟာ ဖမ်းဆီးမှုတွေ၊ ဖျက်ဆီးမှုတွေ၊ လုယက်ယူငင်မှုတွေကို အဆက် မပြတ် ကျူးလွန်နေကြပြီး ဒီကနေ့မနက်အစောပိုင်းအချိန်က ရဲနဲ့ စစ်သားတွေဟာ ရန် ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် (က) ရပ်ကွက်၊ အဆင့်မြင့် အိမ်ယာတိုက် (၁) မှ အမျိုး သား တယောက်ရဲ့ နေအိမ်တံခါးကို ရိုက်ဖျက်ကာ ငွေကျပ် ၃၅ သိန်း၊ တိုက်သာယာရေး ရန်ပုံငွေတွေ၊ တခြား အဖိုးတန်ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို လုယက်ယူငင်သွား ခဲ့ကြတယ်လို့ အေအေပီပီက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ၊ သူတို့ရဲ့ သ တင်းပေးတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးမရှိတဲ့ ရပ်ကွက်တချို့မှာ စစ်တပ် အုပ်ချုပ်တဲ့ အတွက်ကြောင့်လည်း ရက်ဆက်ဆိုသလို ဖမ်းဆီးမှုတွေ ရှိနေပြီး ကချင်ပြည်နယ်၊ ဖား ကန့်မြို့မှာတော့ ဆန္ဒထုတ်ဖော်ဖို့ လူစုနေချိန် အမျိုးသား ၇ ယောက် ဖမ်းဆီးခြင်းခံခဲ့ရ တယ်လို့ သိရပါတယ်။

     ဒါ့အပြင် အရင်တနေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ် ကွက်အချို့မှာ ရဲနဲ့ စစ်တပ်တို့မှ ဝင်ရောက်ရှာဖွေခဲ့ပြီး မိန်းကလေးတွေအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်၊ မတူပီမြို့မှာတော့ အ ရပ်ဘက်အဖွဲ့အစည်းတွေမှာ ဦးဆောင်သူတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ စုစုပေါင်း ၁၁ ယောက်လောက်ကို ဖမ်းဆီးသွားခဲ့ကြတယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်း သတင်းရယူခွင့်နဲ့ စီးဆင်းခွင့်တွေိကိုလည်း အလွန်တင်းကျပ်စွာ ဖိနှိပ်ထားတဲ့အပြင် အခုအခါ သတင်းအမှောင်ချနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလာနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်တချို့နဲ့ မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်က နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ PSI စလောင်းတွေကို လိုက်လံသိမ်းဆည်းနေတဲ့အပြင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေ မှာလည်း PSI စလောင်းနဲ့ CANAL+ တို့ကို သိမ်းဆည်းနေကာ ဆိုင်တဆိုင်မှာတော့ ရောင်းရငွေတွေကိုပါ လုယက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို လိုက်လံသိမ်းဆည်း တာဟာ PSI စလောင်းနဲ့ CANAL+ တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို အချိန်နဲ့တပြေးညီ တင်ဆက်နေတဲ့ မဇ္ဈိမနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရုပ်သံလိုင်းတွေကို ဖြတ်တောက်လိုလို့ဖြစ်ပြီး ပြည်သူတွေကို သတင်းမှန်ရရှိမှု မရှိစေဖို့ဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013