
နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ပြန်လည် လွတ်မြောက်လာတဲ့အခါ ပတ်ဝန်းကျင်နဲ့ အသားတကျနေထိုင်နိုင်ဖို့ အခက်အခဲတွေရှိသလို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရမှာလည်း ရုန်းကန်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်း တွေရဲ့ ပြောပြချက်အရသိရပါတယ်၊
မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်း သူဟောင်းတယောက်က အလုပ်ရှာဖွေရမှာ ခွဲခြားဆက်ဆံမှုတွေ ကြုံခဲ့ရကြောင်းနဲ့ ထောင်တွင်းက တွေ့ကြုံခံစားခဲ့တာတွေနဲ့ ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရင်း ရုန်းကန်နေရကြောင်း DVB ကို ပြောပြ ပါတယ်၊
“ကိုယ့်ရဲ့ Career အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ် ပြန်တက်မယ်ဆိုတဲ့ အခါကျတော့ စိန်ခေါ်မှုတွေက အများကြီးရှိတယ်။ ကိုယ်က ဒီထောင်ထွက်ပါဆိုတာကို မပြောရဲဘူး။ ဒါတောင်မှ တခြား ဒုစရိုက်မှုနဲ့ ကျတာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံရေးနဲ့ ကျတာပေါ့နော်။ ခေါ်လည်းမခန့်ရဲကြဘူးလေ ဘယ်သူမှ၊ ဘယ်လိုပြောမလဲ အခုနောက်ပိုင်း နိုင်ငံရေးနဲ့ ပတ်သက်လာတဲ့အခါ Boycott ခံရတာ ကိုယ်တွေ ဖြစ်လာတယ်။ အိပ်ရာက နိုးတဲ့နောက် မျက်လုံးဖွင့်လိုက်လို့ရှိရင် ထောင်မျက်နှာကြက်ကြီးကို မြင်ရမှာလားဆိုတဲ့ စိတ်ဒဏ်ရာနဲ့ နိုးလာတဲ့ ရက်တွေက မနည်းဘူး။ အိပ်မက်ထဲမှာ အကြိမ်ပေါင်းများစွာ ထောင်ထဲကို ပြန်ရောက်တယ်။ အမြဲတမ်း ကိုယ်က နှိပ်စက်ခံရတယ်၊ တခုခုဆို ခြိမ်းခြောက်ခံရတယ်ပေါ့နော်။ အဲ့ဒါတွေကိုပဲ အိပ်မက် ပြန်မက်တာမျိုးပေါ့။ တချို့လူတွေကျတော့လည်း မိန်းကလေးက ထောင်ကျပြီ ဖမ်းခံရပြီဆိုလို့ရှိရင် စစ်ကြောရေးမှာ စစ်ကောင်စီက အဓမ္မပြုကျင့်တာကိုပဲအကုန်လုံးကခံရတဲ့ သဘောမျိုးအမြင်တွေနဲ့ မေးတာမျိုးတွေလည်း ရှိတယ်ပေါ့နော်။ နည်းနည်း အကျောတင်းပြီးတော့ ဖြတ်သန်းနိုင်တဲ့သူမျိုးမှ အဆင်ပြေတာ။ တော်ရုံတန်ရုံ လူတွေကတော့ ဒီကနေ ပြန်ထွက်လာတဲ့အခါကျရင် ထူထောင်မှုဆို တာ ခဲယဉ်းတယ်ပေါ့။”
ဒါတွေအပြင် ထောင်တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေမရရှိတာလို့ အခြေခံလူ့အခွင့် အရေးတွေချိုးဖောက်ခံနေရမှုတွေကြောင့် အမျိုးသမီးအကျဉ်းသူတွေဟာ ရောဂါဝေဒနာတွေပါ စွဲကပ်လာကြောင်းလည်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) မှ မဇူးဇူးမေယွန်းက “ပြည်သူတွေလည်း ခံစားနေရသလို နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကတော့ ပိုပြီးတော့ဆိုးတာပေါ့နော်။ လုပ်ကိုင်ခွင့်တွေ၊ လုပ်ငန်းခွင်တွေက အစပေါ့နော်၊ မခန့်ရဲတာမျိုးတွေလည်း ကြုံနေရတာပေါ့။ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲမှာ ကင်ဆာဝေဒနာ ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသူတွေလည်း ရှိတယ်။ ထောင်တွေထဲမှာ HIV၊ TB လို ရောဂါတွေ စွဲကပ်ခံလာရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ရှိတယ်ပေါ့နော်။ အိမ်တွေမှာအစ စောင့်ကြည့်တာမျိုးတွေ၊ ထောက်ထား နေထိုင်ခွင့်တွေကအစ ပိတ်ပင်တာမျိုးတွေပေါ့နော်။ ပြည်ပထွက်ခွင့်တွေ ပိတ်ပင်တာမျိုးတွေလည်း ကြုံနေရတယ်ပေါ့၊ ရင်ဖွင့်ချင် တာရှိတယ်။ ဒါပေမဲ့ အစ်မတို့ အသိုက်အဝန်းမပြောနဲ့၊ ဒါမျိုးတွေ ပြောလို့ရှိရင် ထပ်လာဖမ်းဦး မယ်ဆိုတဲ့ Mindset တွေက ဝင်နေတဲ့ အခါကျတော့ အစ်မတို့တွေက မျိုသိပ်ရင်း မျိုသိပ်ရင်းနဲ့ ကိုယ့် အချင်းချင်းပဲ ရင်ဖွင့်ရတဲ့ အနေအထား ဖြစ်လာတာပေါ့နော်။ အဲ့လိုဆိုတော့ စိတ်ပိုင်းဆိုင်ရာကတော့ အားလုံးက Trauma တွေနဲ့ ကျန်ရှိနေတာပေါ့။ တချို့တွေဆိုလည်း ဒီစစ်ကြောရေးတွေမှာ ရိုက်နှက် ခံရတဲ့အတွက် အဲ့ဒီရဲ့ ဒဏ်တွေက အပြင်ရောက်တဲ့အချိန်ထိ ကုသတဲ့ဟာမှာ မပျောက်တာတွေအထိ ရှိတယ်ပေါ့”လို့ ပြောပါတယ်။
အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတွေကို ကျန်းမာရေး၊ အရေးပေါ် စားနပ်ရိက္ခာနဲ့ အရေးပေါ် ခရီးစရိတ်လိုမျိုး အကူအညီတွေလည်း WOPP အနေနဲ့ လုပ်ကိုင် ဆောင်ရွက် ပေးနေကြောင်းလည်း သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေထဲမှာ အမျိုးသမီးနိုင်ငံရေး အကျဉ်းသူ ၅,၀၀၀ ကျော် ကျန်ရှိနေကြောင်းလည်း သိရပါတယ်။
ဝေဝေ










